မိုင်းရူပ၊ ဒီဇင်ဘာ ၆ ရက်၊ ဒီပဲယင်း
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မရကန်ရွာကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၂၃ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၃၀ ကျော် ရှိခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၅ ရက် ည ၈ နာရီဝန်းကျင်မှာ မရကန်ရွာထဲကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
” မနေ့ည ၈ နာရီ ၅ မိနစ်မှာ လာကြဲသွားတာဗျ။ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။ လေကြောင်းစတိုက်တုန်းက သေဆုံးသူ ၁၉ ယောက်ရှိတယ်။ ဒီမနက်မှာ ၄ ယောက်ထပ်ဆုံးတယ်။ အထိအခိုက်ကတော့ ၃၀ ကျော်တယ်” လို့ မြေပြင်အခြေအနေသိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၆ ရက်မနက်ပိုင်းအထိ ရရှိထားတဲ့စာရင်းအရ သေဆုံးသူ ၂၃ ဦးရှိပြီး ဒဏ်ရာရသူ အများအပြားရှိကာ ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပြပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေပြီး လူထုတွေအနေနဲ့ လေကြောင်းအန္တရာယ်သတိထားလို့ ဒီပဲယင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။