အိုက်ပွီး၊ အောက်တိုဘာ ၃၁ ရက်၊ ကျောက်ဖြူ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ ကုန်ဘွေရွာကို စစ်ကော်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတွေအပါအဝင် ၅ ဦး သေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ရန်ကုန် – ကျောက်ဖြူ ကားလမ်းပေါ်မှာရှိတဲ့ ကုန်ဘွေရွာကို စစ်ကောင်စီက မနေ့ အောက်တိုဘာ ၃၀ ရက်နေ့၊ ညနေ ၄ နာရီ၊ ၂၀ မိနစ်ဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။
“ရွာထဲ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးနဲ့ ဆက်တိုက် ဗုံးကြဲသွားတာပါ။ ရွာဘက်မှာ တိုက်ပွဲလည်းမရှိဘူး။ အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့လည်း အရမ်းဝေးတယ်။ ရွာဘက်မှာက အေးချမ်းတယ်လို့ပြောရတယ်။ အဲအခြေအနေမျိုးမှာ ဗုံးကြဲသွားတာပါ။”လို့ ကျောက်ဖြူမြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို ကုန်ဘွေကျေးရွာက အမျိုးသမီး ၂ ဦးအပါအဝင် ၅ ဦး သေဆုံးသလို အမျိုးသမီးအပါအဝင် ၁၀ ကျော်ဒဏ်ရာရပြီး ပြင်းထန်ဒဏ်ရာရရှိသူလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးကာ ကား၊ ဆိုင်ကယ်တချို့လည်း ပျက်စီးဆုံးရှုံးသွားပါတယ်။
အလားတူ မနေ့ အောက်တိုဘာ ၃၀ ရက်၊ နေ့လယ်ကလည်း ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းကျေးရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် မနေ့က နေလယ်မှာ ပုဏ္ဏားကျွန်းမြို့ပေါ်ကိုလည်း စစ်ကောင်စီက တိုက်လေယာဥ်နှစ်စီးနဲ့ ဗုံးသီး ၈ လုံးထက်မနည်း လေကြောင်းတိုက်ခိုက်သွားပါတယ်။
စစ်ကောင်စီရဲ့ အရပ်သားပြည်သူလူထုအပေါ် အကြမ်းဖက်မှုကို ပြည်တွင်း၊ ပြင်ပ မှာရှိတဲ့ ရခိုင်အဖွဲ့အစည်း (၃၁) ဖွဲ့ က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မနေ့ အောက်တိုဘာလ ၃၀ ရက်နေ့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။