ဓာတ်ပုံ – Local

ခိုင်လေး၊ မတ်လ ၁၈ ရက်၊ ဝက်လက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်မြောက်ရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ် ကလေးငယ်အပါအဝင် ဒေသခံ ၄ ဦး သေဆုံးပြီး ၆ ဦး စိုးရိမ်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စဉ့်ကိုင်မြောက်ရွာကို တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက မတ်လ ၁၆ ရက် ည ၁၀ နာရီမှာ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာ‌ဖြစ်ပါတယ်။

“အဲရွာက တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ အရပ်သားပြည်သူ တွေနေတဲ့နေရာကို တမင်သက်သက် ကြဲချသွားတာပါ။ ၆ လသားအရွယ် ကလေးတစ်ယောက်နဲ့ အသက်အရွယ်ရ အဖိုးအဖွားနှစ်ယောက်နဲ့ ၃၀ ကျော် အမျိုးသမီးတစ်ယောက် သေတယ်။ နေအိမ်တွေလည်း ပျက်စီးတာရှိတယ်” လို့ သိရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် မနက် ၉ နာရီခွဲတုန်းကလည်း မတ္တရာမြို့နယ်က စစ်ကောင်စီတပ် အထိုင်ချထားတဲ့ မြကန်ကျေးရွာကနေ လက်နက်ကြီး (120 mm) ၃ လုံး ရမ်းသမ်းပစ်ခတ်ခဲ့ကာ ထုံးဘိုကျေးရွာအနီးတဝိုက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရတာနဲ့ နွားနှစ်ကောင်ထိခိုက်သေဆုံးခဲ့ တယ်လို့ ဆိုပါတယ်။

စစ်‌ကောင်စီတပ်ဟာ အများပြည်သူသွားလာတဲ့ ဈေးနဲ့ သာသနိကအဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းက‌နေ တိုက်ခိုက်တဲ့ လုပ်ရပ်ကို အပြင်းအထန်ရှုံ့ချကြောင်း ဖော်ပြပြီး စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က မနေ့ မတ်လ ၁၇ ရက်‌မှာ ထုတ်ပြန်ထားပါတယ်။

အလားတူ မတ်လ ၁၄ ရက် ညနေပိုင်းကလည်း စစ်တပ်က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံ့လှကျေးရွာရဲ့ စျေးကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ဒေသခံ ၂၇ ဦး သေဆုံးခဲ့ပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂၂ ဦး အပါအဝင် ဒေသခံ ၁၄၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် ဒေသခံ ၃၆၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်အထိ ကောက်ယူထားတဲ့ မှတ်တမ်းအရ စစ်‌ကောင်စီတပ်က အရပ်သားပြည်သူဆိုင်ရာ နေရာ‌တွေကို လေကြောင်းတိုက်ခိုက်မှု (၂၁၉၀) ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။