လွေးထွေး၊ မေလ ၉ ရက်၊ မူး
စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပဲခူးတိုင်း မူးမြို့နယ်က အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး- KNU က ဒီနေ့ မေလ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
မေလ ၇ ရက်က မူးမြို့နယ် ခေါင်းအင်းရွာကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၅၇ အရွယ် ဒေါ်ရီမြင့်နဲ့ ၆၇ အရွယ် ဦးလှမြင့်တို့ သေဆုံးခဲ့ပြီး ၁၂ နှစ်အရွယ် မပိုးဒီနဲ့ ၃ နှစ်အရွယ် မောင်ငွေပေါ ကျည်စထိလို့ ဒဏ်ရာရခဲ့သလို ထွနီကုန်းရွာသို့ စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့လို့ စောကော်လားသူးဆိုသူ ဒဏ်ရာ ရခဲ့ပါတယ်။
KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “စကစသည် အပစ်ရပ်ထားတဲ့အကြောင်း ဘယ်လောက် ကြွေးကြော်ကြွေးကြော် လက်တွေ့ ကျနော်တို့ဒေသအပြင် နေရာတချို့မှာရော နေ့တိုင်း လေကြောင်းကနေ ဗုံးကြဲနေတယ်။ လူထုတွေ သေရတယ်။ အင်မတန်မှ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မေလ ၅ ရက်ကလည်း စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်း ပစ်ခတ်မှုကြောင့် အရပ်သား နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့သလို ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၂၈ ရက်ကလည်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မူးမြို့နယ်က အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
အပစ်ရပ်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် KNU ထိန်းချုပ်ဒေသက သံဃာ ၄ ပါးအပါအဝင် အရပ်သား ၁၉ ဦး သေဆုံးခဲ့ကြောင်း ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်မှာ KNU က ထုတ်ပြန်ထားပါတယ်။