ရဲမာန်၊ စက်တင်ဘာ ၃၀ ရက်၊ ရေဦး
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ဖန်ခါးဇင်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ရေဦးမြို့နယ်အနောက်ခြမ်း သတင်းတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရွှေဖီမြေကိုပြောပါတယ်။
မနေ့ စက်တင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီမှာ Gyrocopter ၃ စီးနဲ့ ၁၂၀ မမ ဗုံးသီးတွေကို ၄ လုံးထက်မနည်းကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
“မနေ့က ညနေပိုင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)က တက်လာတဲ့ Gyrocopter ၃ စီးနဲ့ ရေဦးနယ်မြောက်ဘက်ခြမ်း ဖန်းခါးဇင်ရွာဘုန်းကြီးကျောင်းနဲ့ တန့်ဆည်နယ်တောင်ဘက်ခြမ်းရှိရွာတွေကို လေကြောင်းတိုက်ခိုက်သွားတယ်။ တန့်ဆည်နယ်တောင်ဘက်ခြမ်းက ရွာတွေကတော့ ဘယ်ရွာတွေပါတယ်ဆိုတာ အတည်မပြုနိုင်သေးဘူး”
၎င်းတိုက်ခိုက်မှုကြောင့် ဖန်ခါးဇင်ရွာ ဘုန်းကြီးကျောင်း ၂ ထပ်ကျောင်းဆောင်လည်း ထိမှန်ပျက်စီးခဲ့ရပြီး အရင်နှစ်တွေမှာလည်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ဖူးတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးရှိ မုံရွာ၊ ချောင်းဦး၊ မြင်းမူ၊ အရာတော်၊ ဘုတလင်၊ ဒီပဲယင်း၊ ရေဦး နဲ့ ခင်ဦးစတဲ့ မြို့နယ်အတွင်းရှိတော်လှန်ရေးတပ်တွေအနေနဲ့ အရင်ကထက် ပိုပြီးဂရုစိုက်နေထိုင်ကြဖို့ သတိပေးထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။