ရဲမာန်၊ နိုဝင်ဘာ ၁၇ ရက်၊ ပေါက်ခေါင်း
ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့ နိုဝင်ဘာလ ၁၆ ရက် မနက် ၉ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာအပြင် ချောင်းကောင်းဘက်ကိုလည်း လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၂) က သတင်းနဲ့ ပြန်ကြားရေး Red Star က ရွှေဖီမြေကို ပြောပါတယ်။
“လေယာဉ်က ဂျက်ဖိုက်တာအမျိုးအစားပေါ့နော်။ ဗုံးသီးက ၁၂၀ မမ မကဘူး။ မင်္ဂလာဆောင်ကို ဗုံးလာကြဲတာပါ။ အခုလောလောဆယ် အဲဘက်မှာ တိုက်ပွဲဖြစ်ပွားတာတော့ မရှိပါဘူး။ လောလောဆယ်တော့ စစ်ကြောင်းထိုးဖို့ ရှိတယ်လို့ ကြားတယ်”
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၅ နှစ်အရွယ် မမို့မို့ဝင်း သေဆုံးခဲ့ပြီး အသက် ၄၂ နှစ်အရွယ် ကိုသန်းဇော်ဦးက ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက် နေ့လယ် ၁ နာရီခွဲမှာလည်း ဖြူးမြို့နယ် မန်းကျီးတောင်ကုန်းရွာကို စစ်ကောင်စီတပ်က Gyrocopter ၂ စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။