ယာရူစိင်၊ မေလ ၂၂ ရက်၊ ကန့်ဘလူ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်း ကောလင်းမြို့နယ်နဲ့ ထိစပ်တဲ့ သင်တောရွာနဲ့ ပေါက်ဆိန်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မေလ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်အချိန်မှာ ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က Y12 နဲ့ ဗုံး ၃၉ လုံးကြဲချတိုက်ခိုက်ခဲ့လို့ ပေါက်ဆိန်ကုန်းရွာက အမျိုးသား ၁ ဦးနဲ့ သင်တောရွာက အမျိုးသား ၁ ဦး စုစုပေါင်း ၂ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“သေဆုံးတဲ့သူတွေဟာ ဒေသခံတွေပါ။ ပေါက်ဆိန်ကုန်းရွာက သေဆုံးတဲ့ အမျိုးသားက အသက် ၅၀ ကျော်ရှိတယ်။ သင်တောရွာ အမျိုးသားကတော့ အသက် ၂၀ ကျော်လောက်ရှိတယ်။ အမျိုးသမီး ၁ ဦးတော့ ပြင်းထန်ဒဏ်ရာရရှိထားပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက် ည ၁၀ နာရီအချိန်မှာလဲ ကောလင်းမြို့နယ် ကညို့အင်းရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၉ ရက်ကလည်း ကောလင်းခရိုင်ဖြစ်တဲ့ ဝန်းသိုမြို့နယ် နန်းခမ်းကျေးရွာဆေးရုံအနီးကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂၀ ကျော် သေဆုံးပြီး ၅၀ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။