မိုင်းရူပ၊ ဇူလိုင် ၆ ရက်၊ သပိတ်ကျင်း
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ထားပါတယ်။
မနေ့ ဇူလိုင် ၅ ရက် နေ့လည် ၁၂ နာရီ ၄၅ မနစ်မှာ စစ်ကောင်စီတပ်က ဇရပ်ကွင်းကျေးရွာကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
“ဇရပ်ကွင်းကို လာကြဲတာ ဟုတ်တယ်။ အမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သပိတ်ကျင်းမြို့နယ် ၅ မိုင်နဲ့ ၆ မိုင်တွေမှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား နေ့စဥ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၅ ရက် တစ်ရက်တည်းမှာပင် တိုက်ပွဲဖြစ်ပွားနေတဲ့ ၅ မိုင်နဲ့ ၆ မိုင်ဘက်ကို စစ်ကောင်စီတပ်ဘက်က Y-12 လေယာဥ်အသုံးပြုပြီး ဗုံးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွှတ်ထားရတဲ့ မန္တလေးတိုင်း သပိတ်ကျင်း၊ စဥ့်ကူးနဲ့ မတ္တရာမြို့နယ်ထဲက နေရာတွေကို ပြန်ရဖို့ ထိုးစစ်ဆင်တာတွေ လုပ်နေပြီး လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်မှာလည်း စဥ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီတပ် ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။