ယာရူစိင်၊ ဇူလိုင် ၁၅ ရက်၊ ကောလင်း
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ဒိုးပင်ရွာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီခွဲကျော်မှာ ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ဒိုးပင်ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒေသခံ တစ်ဦးက”ထမင်းဆိုင်နဲ့ ဆီဆိုင်တွဲဖွင့်ထားတာ။ ဆီဘောင်ကား ၂ စီးလည်း ဗုံးကြဲတဲ့ အနီးအနားမှာဆိုတော့ မီးလောင်သွားတာပေါ့။ ဒဏ်ရာရတဲ့ ၄ ဦးထဲက ၁ ဦးတော့ ပိုပြင်းထန်တာပေါ့။ ဒဏ်ရာရတာက ကလေးငယ်တစ်ယောက်လည်း ပါတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ဦးနဲ့ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆီဘောင်ဆာကား ၂ စီးနဲ့ ဆိုင်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်ကလည်း ကောလင်းမြို့နယ် ဖလဲရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၉ ရက်ကလည်း ကောလင်းခရိုင် ဝန်းသိုမြို့နယ် နန့်ခမ်းကျေးရွာ ဆေးရုံအနီးကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဒေသခံ ၂၀ ကျော်သေဆုံးပြီး ၅၀ ဝန်းကျင်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။