ဓာတ်ပုံ- မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

အိုက်ပွီး၊ ဧပြီ ၂ ရက်၊ မင်းတပ်

ချင်းညီနောင် ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်နဲ့အဆောက်အဦး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ ဧပြီ ၁ ရက် ညနေ ၆ နာရီ ၂၅ မိနစ်နဲ့ ည ၁၀ နာရီခွဲခန့်မှာ အရပ်သားတွေ နေထိုင်တဲ့ မင်းတပ်မြို့ ရှေ့ပြင်ရပ်ကွက်မှာ ပေါင် ၅၀၀ ဗုံးသီးနဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ပထမအကြိမ် ပေါင် ၅၀၀ ဗုံးသီးနှစ်လုံး ကြဲတယ်။ လူနေအိမ်၊ အဆောက်အဦး ပျက်စီးသွားတယ်။ ဒုတိယအကြိမ် အရှေ့ပြင်ရပ်ကွက် ဝကောက် တည်းခိုခန်းအနီး ဗုံးထပ်ကြဲတယ်။ နေအိမ်တွေ၊ အဆောက်အဦးတွေ ပျက်စီးသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး” လို့ မင်းတပ်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ မင်းတပ်မြို့ပေါ် ပြန်လည် နေထိုင်ကြပြီလို့ သိရပါတယ်။

မင်းတပ်မြို့ပေါ်က လူထုတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့ ဧပြီ ၁ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

အလားတူ မင်းတပ်မြို့ ဗုံးမကြဲမီ မနေ့ မနက် ၁၀ နာရီဝန်းကျင်ကလည်း ကန်ပက်လက်မြို့နဲ့ လွန်ဒုံရွာကြားမှာ Y-12 လေယာဥ်နှစ်စီးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့ကမနက် လေယာဥ်နှစ်စီး ပတ်သွားသေးတယ်။ မကြာဘူး လေယာဥ်တစ်စီးက ဗုံးကြဲသွားတယ်။ အရင် မတ်လတုန်းက ဗုံးကြဲတဲ့နေရာမှာပဲ။ အဲနေရာက အင်တာနက်၊ ဖုန်းလိုင်းတွေ မရတော့ ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူး။ ထိခိုက်မှု ရှိနိုင်ပါတယ်” လို့ ကန်ပက်လက်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့မနက်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခံရတဲ့ ကန်ပက်လက်မြို့နယ်က အဲဒီနေရာတွေဟာ ပြီးခဲ့တဲ့ မတ်လတုန်းက လေကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့နေရာဖြစ်ပြီး အဲဒီတုန်းကလည်း အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိပြီးတော့ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဘေးအန္တရာယ် အရေးပေါ်ကာလမှာ စစ်တပ်အနေနဲ့ လူထုတွေ နေထိုင်တဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ချက်ချင်း ရပ်တန့်ဖို့ ချင်းအမျိုးသားတပ်ဦး- CNF က မတ်လ ၃၁ ရက်မှာ တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။