ယာရူစိင်၊ ဧပြီ ၂၇ ရက်
‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်- UWSA ထိန်းချုပ်ဒေသအတွင်းမှာ ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း) အတွက် အိမ်နဲ့ခြံ ဌားပေးရင် အရေးယူမယ်လို့ လားရှိုးပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ရွှေဖီမြေကို ပြောပါတယ်။
ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း)အတွက် နေရာဌားပေးရင် အရေးယူမဲ့အပြင် အိမ်နဲ့ခြံကိုပါ သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။
“ကျားဖြန့်နဲ့ ပတ်သက်မှုရှိတာရယ် အိမ်ဌားပေးတာတို့ ဆိုရင်တော့ အရေးယူမယ်။ ပြီးတော့ အိမ် သိမ်းမယ်ပေါ့။ အဲလိုတော့ ထုတ်ပြန်ထားတယ်။ အသေးစိတ်တော့ ကျနော်လဲ မသိရသေးဘူး”
ကျားဖြန့်လုပ်ငန်းမှာ အကူအညီပေးတဲ့ သူတွေကိုတော့ ကျားဖြန့်နဲ့ဘယ်လောက်ထိ ပတ်သက်မှုရှိတာ၊ ပါဝင်မှု ဘယ်လောက်ထိရှိတဲ့အပေါ်ကို အဓိကထားပြီး ပြစ်ဒဏ်ပေးသွားမယ်လို့ ဦးညီရန်းက ဆက်ပြောပါတယ်။
အရင်တုန်းက ‘၀’တပ်ထိန်းချုပ်ဒေသအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွင်ကျယ်ခဲ့ဖူးပြီး တရုတ်ရဲ့ဖိအားပေးမှုနဲ့အတူ ကျားဖြန့်လုပ်ကိုင်သူတွေကို ‘၀’တပ်က ပြန်လည်တိုက်ဖျက်ခဲ့ပြီး အချို့က ဖမ်းဆီးခံရပြီး တရုတ်ဘက် ပြန်ပို့ခံခဲ့ရသလို အချို့က ပြောင်းရွှေ့အခြေချသွားခဲ့ပြီ ဖြစ်ပါတယ်။