လွေးလာဝ်ဇာရ်၊ နိုဝင်ဘာ ၄ ရက်၊ မန်တုံ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ နမ့်ဆန်နဲ့ မန်တုံမြို့နယ်က ဒေသခံတွေဟာ အပစ်ခတ်ရပ်စဲရေး သဘောတူပြီးနောက် ဒေသခံ ထက်ဝက်ခန့် နေရပ်သို့ ပြန်လာကြပြီလို့ ဒေသခံဆီတွေက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကနေ လကုန်ပိုင်းအထိ နမ္မတူ၊ နမ့်ဆန်နဲ့ မန်တုံ စတဲ့မြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်လိုလို ပြုလုပ်နေတာကြောင့် ဒေသခံအားလုံးနီးပါး ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
နှစ်ဖက်တပ် အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ထားပေမဲ့ စိုးရိမ်နေဆဲ ဖြစ်တယ်လို့ နေရပ်သို့ ပြန်လာတဲ့ နမ္မတူဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
နေရပ်သို့ ပြန်လာတဲ့ နမ္မတူဒေသခံ အမျိုးသမီး တစ်ဦးက “နမ္မတူမှာတော့ ပြန်လာကြပါပြီ။ အကုန်တော့ ပြန်မလာရဲကြသေးဘူး။ တချို့လူတွေက ကြောက်တုန်းဘဲ။ ကျမတို့လည်း ပြန်လာကြတယ်ဆိုပေမဲ့ ဘယ်လို လာမလဲမသိတော့ ကြောက်နေတာ။ ထပ်လာကြဲမှာကို စိုးရိမ်နေတာ။ တချို့ နေအိမ် ထိထားတဲ့ လူတွေကြတော့ နေစရာအိမ် မရှိလို့ ပြန်မလာကြသေးဘူး” လို့ ပြောပါတယ်။
နမ္မတူအပြင် နမ့်ဆန်နဲ့မန်တုံက ဒေသခံတွေလည်း ထက်ဝက်ခန့် ပြန်လာကြပြီလို့ မန်တုံမြို့ခံတစ်ဦးက ပြောပါတယ်။
“တချို့ရွာပိုင်းမှာ ပြေးတဲ့လူတွေ တော်တော်များများ ပြန်လာကြပြီ။ မြို့မှာ ပြေးတဲ့လူတွေဘဲ ကျန်ရင်ကျန်မယ်။ တော်များများတော့ ပြန်လာကြပါပြီ”
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် PSLF/TNLA နဲ့ စစ်ကောင်စီတို့အကြား ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကစပြီး အပစ်အခတ် ရပ်စဲဖို့ သဘောတူပြီးနောက် တအာင်းတပ်ဘက်က မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးဖို့ သဘောတူခဲ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။