ရွှေဖီမြေ၊ နိုဝင်ဘာ ၁၂ ရက်၊ ဧရာဝတီ
ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်နဲ့ ရခိုင်-ဧရာဝတီတိုင်းအစပ် တိုက်ပွဲတွေမှာ အလင်းဝင်လာသူအပါအဝင် စစ်ကောင်စီတပ်သား ၇၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခတပ်တော်- AA က မနေ့ နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကနေ ၁၀ အရက်အတွင်း အမှတ်(၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆)အနီး တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၀) လက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၁၊ ၃၆၃ က အလံဖြူထောင်၊ တပ်ပြေးသူနဲ့ လက်ရဖမ်းဆီးရမိသူ စုစုပေါင်း ၁၆ ဦး ရှိတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၈ ရက်နဲ့ ၉ ရက်ကလည်း ပဲခူးတိုင်း ပန်းတောင်းမြို့နယ် လေလာတောင် ပတ်ဝန်းကျင်အနီး စစ်ကောင်စီရဲ့ စကခ(၁၀) လက်အောက်ခံ ခမရ ၃၆၈ တပ်ရင်းမှ တပ်သား ၁၀ ဦးနဲ့ ပန်းတောင်းမြို့နယ် ကပစ(၁၆)အနီး တိုက်ပွဲမှာလည်း စကခ(၁၀) လက်အောက်ခံ ခမရ ၃၆၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်မှာလည်း နတ်ရေကန်ဗျူဟာကုန်းမှ စစ်ကောင်စီရဲ့ အမှတ်(၉) စစ်မြေပြင် ဆေးတပ်ရင်း၊ ခိုလမ်အခြေစိုက်တပ်မှ တပ်ကြပ်တစ်ဦးလည်း AA ထံ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၃ ရက်ကနေ နိုဝင်ဘာ ၇ ရက်အထိ ဧရာဝတီတိုင်း သာပေါင်းမြို့နယ် သာပေါင်းကလေးရွာအနီးနဲ့ လေးမျက်နှာမြို့နယ် စက်စက်ယို ချင်းလယ်ရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သား ၂၀ ကျော် လက်နက်ချ အလင်းဝင်လာပြီး ၂၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
AA တပ်ထံ အလင်းဝင်လာသူနဲ့ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲ ၁၈ နှစ် မပြည့်သေးသူနဲ့ အထက်တန်း တက်နေတဲ့ ကျောင်းသား ပါဝင်ပြီး အများစုက စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲတာ ခံရတဲ့ စစ်သင်တန်းဆင်းတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။