ပို့လဘား၊ ဒီဇင်ဘာ ၁၃ ရက်၊ မိုးမိတ်
ရှမ်းမြောက် မိုးမိတ်မြို့နယ် ရေတံခွန်ကျေးရွာကို စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်မှာ မိုးမိတ်မြို့နယ် ရေတံခွန်ကျေးရွာက အမျိုးသမီးတစ်ဦးဟာ နွားကျောင်းနေချိန်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးထိမှန်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံအမျိုးသားတစ်ဦးက “သူရွာပြင်သွားပြီး နွားသွားကျောင်းတာ။ အဲချိန်မှာပဲ လက်နက်ကြီးကျပေါက်ကွဲပြီး သူ့ကိုထိသွားတယ်။ သူ့ခြေထောက်တွေလက်တွေ မျက်လုံးတွေထိသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက် ၅၀ ဝန်းကျင်ရှိတဲ့ ဒေါ်အေးမြင့်ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်ကလည်း မြစ်ဆုံရွာရှိ ကျော်ရတနာဆီဆိုင်အနီးကို စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်အပါအဝင် သေဆုံးသူ ၉ ဦးရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
လက်ရှိမှာ မိုးမိတ်- မဘိမ်းလမ်းပိုင်းကို KIA က ထိန်းချုပ်ထားပြီး မိုးမိတ်- မန်တုံလမ်းကို တအာင်းတပ်မတော်- TNLA က ထိန်းချုပ်ထားကာ မိုးမိတ်- မိုးကုတ်လမ်းကို စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။