မြတ်နိုး၊ ပို့လဘား၊ ဩဂုတ် ၂၅ ရက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မှော်ဆီစာကုန်းကနေ ဖားကန့်မြို့ထဲကို ဒီနေ့ ဩဂုတ်လ ၂၅ ရက် မနက်ပိုင်းက အင်အားရာချီတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်ပစ်ဖောက် ဝင်ရောက်လာလို့ အမျိုးသမီးတစ်ဦးလည်း ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီမနက် စစ်ကောင်စီက ဖားကန့်မြို့ထဲ ဝင်ရောက်ပြီး လမ်းတစ်လျှောက်မှာ သူတို့ ပစ်ခတ်တာတွေ လုပ်တယ်။ မြို့ဝင်ပန်တင်းတံတားမှာလည်း ပြည်သူတွေ လမ်းဖြတ်ပြီး ပြေးတဲ့အချိန်မှာ သူတို့က ပစ်ခတ်လိုက်တယ်။ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရတယ်။ သူတို့ အဲလိုပစ်ခတ်ပြီး ဖားကန့်ပျူဟာကုန်းဘက်ကို ဝင်သွားတယ်” လို့ ဖားကန့်က ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဗျူဟာကုန်း၊ မှော်ဝမ်းလေး၊ မှော်ဝမ်းကြီးတို့ဘက်မှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကိုယ်တိုင်တွေ့ခဲ့တဲ့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးကလည်း “ပန်တင်းတံတားပေါ် ပစ်ခတ်ခံရတဲ့ အမျိုးသမီးက ကျည်က မျက်နှာမှာ ထိမှန်ပြီး ပွဲချင်းပြီး ဆုံးသွားပါတယ်။ အဲဒီ အမျိုးသမီးက စစ်ကြောင်းကို လှည့်ကြည့်ရာက ပစ်ခတ်ခံရတယ်” လို့ ဆိုပါတယ်။
မနေ့ ဩဂုတ်လ ၂၄ ရက် ညကလည်း စစ်ကောင်စီတပ်တွေ ပစ်လိုက်တဲ့ လက်နက်ကြီး လုံးခင်းအနီးက နှစ်မျက်နှာဘုရားဘက် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံတွေ အထိတ်တလန့်ဖြစ်ကာ လုံးခင်းကျောက်ဝိုင်းရှိ လူတွေလည်း ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ဖားကန့်ကို ပြန်လည်စိုးမိုးနိုင်ဖို့ ပြီးခဲ့တဲ့ မေလကုန်ခန့်ကတည်းက ကြိုးပမ်းနေတာဖြစ်ပြီး ရွေးကောက်ပွဲ ပြုလုပ်မယ့် စာရင်းမှာလည်း ဖားကန့်မြို့နယ်ကို ထည့် သွင်းထားတာ တွေ့ရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။