ပို့လဘား၊ စက်တင်ဘာ ၁၆ ရက်၊ မိုးကုတ်
တအာင်းတပ်မတော်–PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက် ၇ နာရီဝန်းကျင်မှာ မိုးကုတ်မြို့အရှေ့ပိုင်းရှိ အလင်းရောင်ခြည် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ပေါင် ၂၅၀ နှစ်လုံးလာကြဲသွားတယ်။ အလင်းရောင်ဘုန်းကြီးကျောင်းမှာ မိန်းကလေးတစ်ယောက် ထိခိုက်ဒဏ်ရာရထားတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၅ လုံးလည်း ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း စည်ပင်သာယာ ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လတစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ဒေသတွေအတွင်း ကလေး ၅ ဦးအပါအဝင် အရပ်သား ၅၇ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။