လွေးထွေး၊ ဒီဇင်ဘာ ၁၀ ရက်၊ နမ့်ဆန်
တအာင်းဒေသ နမ့်ဆန်မြို့မှာ မြေတူးစက်ကို တင်လာတဲ့ ကားတစ်စီးက အိမ်တစ်အိမ်ကို ဝင်တိုက်တာကြောင့် နေအိမ်ပျက်စီးတဲ့အပြင် အိမ်ရှင်အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဒီဇင်ဘာ ၉ ရက် ည ၇ နာရီခွဲမှာ နမ့်ဆန်မြို့နယ် ဇယန်းကြီးအကျော် ပန်လောရွာအတက်က အမဲသားဆိုင် ဖွင့်ထားတဲ့အိမ်နဲ့ကားကို ဝင်တိုက်ခဲ့လို့ အိမ်ရှင်အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်ကို မြင်ခဲ့ရသူ အမျိုးသမီးက “အဲကားက အတက်ကားကို ရှောင်ရင်းနဲ့ အဲအိမ်ရှင်ရဲ့ကားကို ဝင်တိုက်တာ။ အိမ်လည်း တော်တော်ပျက်တယ်။ သူတို့ ချွေးမလည်း ခြေထောက်နဲ့ မျက်နှာထိတယ်။ မနေ့ညလည်း သွေးအန်နေတာ။ ကိုယ်ဝန်နဲ့ ဆိုတော့ အရမ်းစိုးရိမ်ရတယ် ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရသူ အမျိုးသမီးကို ဆေးကုသဖို့ မန္တလေးဆေးရုံသို့ ပို့ဆောင်လိုက်ပြီလို့လည်း ဆိုပါတယ်။
လမ်းကျဉ်းလွန်းတဲ့ နမ့်ဆန်မြို့မှာ ယာဉ် မတော်တဆ မကြာခဏဖြစ်ပွားနေတာကြောင့် ယာဉ်တွေကို ဂရုတစိုက်မောင်းကြဖို့ နမ့်ဆန်ဒေသခံတွေက တောင်းဆိုထားကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။