မြတ်နိုး၊ စက်တင်ဘာ ၁၉
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ KIA နဲ့ ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့ရဲ့ လေ့ကျင့်ရေးနေရာတစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ည ၁၁ နာရီ ဝန်းကျင်ခန့်က လေကြောင်းဗုံးကြဲခံရလို့ လူအများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။
“လေယာဉ်နဲ့ ဗုံးကြဲ ခံရတာ ဟုတ်တယ်။ ရွှေကူမြို့နယ်ဘက်။ Ga Hyeng ဆိုတဲ့ နေရာဘက်လေ” လို့ KIA နဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လေ့ကျင့်ရေးကွင်းတစ်ခုလို့ သိရပြီး လေကြောင်း ဗုံးကြဲမှုကြောင့် ၁၇ ဦးခန့် သေဆုံးကာ ၁၉ ဦး ခန့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး အနည်းအကျဉ် ထိခိုက်တွေတွေ အပါအဝင် အားလုံးပေါင်း အယောက် ၆၀ ဝန်းကျင်ခန့် ရှိတယ်လို့ သူက ပြောပါတယ်။
“တိုက်ပွဲ ဖြစ်တဲ့နေရာ မဟုတ်ဘူး။ စစ်ကောင်စီဆီ သတင်းပို့ တဲ့ သူရှိလို့ နေမယ်။ ဒါမှမဟုတ် လေ့ကျင့်ရေး နေရာမှာ ဖုန်း၊ အင်တာနက်တွေ ပေးသုံးလို့ နေမှာ။ ဘယ်သူ့မှ မယုံရဘူးလေ အခုခေတ်က။ ရန်သူက ကိုယ့်အိတ်ကပ်ထဲမှာလည်း ရှိနိုင်တယ်” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း တရုတ်၊ ရုရှား နည်းပညာတွေ အကူအညီရယူပြီး အဆင့်မြင့်နည်းပညာနဲ့ တည်နေရာတွေ ရှာဖွေလာနိုင်တာကြောင့် တည်နေရာ သိရှိသွားနိုင်သလို စတားလင့် ဝိုင်ဖိုင် သုံးရင်တောင် လုံခြုံမှု မရှိနိုင်တော့ဘူးလို့ သူက ပြောပါတယ်။
လေကြောင်း ဗုံးကြဲမှုကြောင့် သေဆုံး၊ ထိခိုက် ဒဏ်ရာရတဲ့ထဲမှာ PDF တွေလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပဲ KIA ထိန်းချုပ် နယ်မြေရှိ သင်တန်းနေရာ တခုမှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲလို့ လူငယ်အများအပြား ထိခိုက်သေဆုံးမှု ဖြစ်ပွါးခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။