ယာရူစိင်၊ နိုဝင်ဘာ ၁၃ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖဝါကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကျောင်းဆရာမ ၁ ဦးနဲ့ ၄ နှစ်အရွယ် မူကြိုကလေး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီ ၃၆ မိနစ်မှာ စစ်တပ်ဟာ ဖားကန့်မြို့ ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ခတ်တာကြောင့် လုံးခင်းအုပ်စု ဖဝါကျေးရွာရှိ မူကြိုကျောင်းဝန်းထဲ ကျရောက်ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။
“ကျောင်းဆရာမက ဒဏ်ရာတော့ မပြင်းထန်ဘူး။ မူကြိုကလေးတော့ ဆေးရုံ တင်ထားတယ်လို့ သိရတယ်။ လက်နက်ကြီး ပစ်တာက ၄ ကြိမ်လောက် ရှိတယ်။ သူတို့က ဒီအတိုင်း ရမ်းသမ်း ပစ်တာပါ” လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီ ၃၄ မိနစ်မှာလည်း ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကထန်ရွာ ကွက်သစ်ထဲ စစ်တပ်က Y-12 နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သားအမိ ၂ ဦး သေဆုံးခဲ့ပါတယ်။
ဖားကန့်မှာ စစ်တပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း နေ့စဉ် ရှိနေပြီး လက်ရှိမှာတော့ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေး တင်းမာနေဆဲလို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။