ပို့လဘား၊ ဇွန်လ ၂၆ ရက်၊ မိုးကုတ်
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ TNLAရဲ့ ရဲတပ်ဖွဲ့က ဓားပြတိုက်သူတွေကို လိုက်လံဖမ်းဆီးနေချိန် အဲဒီဓားပြအဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်မြို့ အရှေ့ပိုင်း ရေလယ်ကျွန်းအနီးမှာ ဒီနေ့ဇွန်လ ၂၆ ရက် မနက်အစောပိုင်း ၁ နာရီကနေ ၇ နာရီအထိ ဓားပြတိုက်သူ၄ဦးနဲ့ TNLAရဲ့ ရဲတပ်ဖွဲ့တွေက အပြန်အလှန်ပစ်ခတ်မှုကြောင့် ဓားပြတိုက်သူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
“ဖမ်းဆီးရမိတာက ၄ဦး။ အဲထဲ တစ်ဦးက ဖမ်းနေတဲ့ချိန်မှာ နှစ်ဖက် အပြန်လှန် ပစ်ခဲ့တာကြောင့် သေနတ်ထိပြီးသေဆုံးသွားတယ်” လို့ ပြောပါတယ်။
အဲဒီအပြန်အလှန်ပစ်ခတ်မှုကြောင့် TNLA ရဲ့ ရဲတပ်ဖွဲ့တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“ရဲတပ်ဖွဲ့ဘက်လည်း အဲဒီဓားပြတိုက်တဲ့အဖွဲ့ဘက်က ပစ်လိုက်တဲ့ လက်လုပ်ဗုံးသီးကွဲပြီး အထိအခိုက်ရှိခဲ့တယ်”လို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကလည်း မိုးကုတ်မြို့အတွင်း ဓားပြတိုက်ဖို့ ကြံစည်နေသူ ၃ ဦးကိုလည်း PSLF/TNLAရဲ့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
မိုးကုတ်မြို့အတွင်း ဓားပြတိုက်မှုနဲ့ ခိုးမှုတွေ မကြာခဏ ဖြစ်ပွားတာရှိသလို လက်ပစ်ဗုံးဖောက်ခွဲမှုတွေလည်း မကြာခဏ ဖြစ်ပွါးနေတာကြောင့် တအာင်းရဲဘက်က လုံခြုံရေးတင်းကြပ်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။