လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၂ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ရွာအနီးမှာ ကချင်တပ်မတော်- KIO/KIA က ပေါ်တာ လိုက်ဆွဲတာကြောင့် ထွက်ပြေးသူတစ်ဦး မြေစာပုံပေါ် ပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာ KIA ဘက်က ကားလေးစီးနဲ့ အဲဗားမြေစာပုံမှာရှိတဲ့သူတွေကို လိုက်လံ ပေါ်တာ ဆွဲခဲ့တယ်လို့ ဆိုပါတယ်။
ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက “စုဆောင်းရေး ဆွဲလို့ စေလုံတောင်မှာ လူတွေက ပြေးကြ ပုန်းကြနဲ့။ သူတို့(KIA)ဘက်က ကားလေးစီးနဲ့ လာဖမ်းနေကြတာ” လို့ ပြောပါတယ်။
သေဆုံးသူဟာ နမ့်မှော်ရွာနေ မျိုးလှိုင်ဝင်း (၂၇ နှစ်)ဆိုသူဖြစ်ပြီး ထွက်ပြေးရင်း မတော်တဆ မြေစာပုံပေါ် ပြုတ်ကျခဲ့တာပဲ ဖြစ်ပါတယ်။
KIA ဘက်က လိုက်လံ ဖမ်းဆီးနေချိန် ဒေသခံတချို့က ကြောက်လန့်ပြီးတော့ စေလုံတောင်အောက်မှာရှိတဲ့ ရေကန်ဘက် ထွက်ပြေးရင်း ဒဏ်ရာ ရသူလည်း များတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ဒါ့အပြင် ဖားကန့်မှာ စစ်တပ်ဘက်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ဒရုန်း ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း နေ့စဉ်ဆက်တိုက် ရှိနေပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့အကြား စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။