ခိုင်လေး၊ မေလ ၂၆ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ပြည်သူ့ဘက်တော်သားမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ ရက် ည ၁၁ နာရီဝန်းကျင်က ရွာသာကြီးရွာ စစ်တပ်အထိုင်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ရွာသာကြီးရွာနဲ့ မီတာ ၅၀၀ ခန့်အကွာမှာရှိတဲ့ ဂျိုးဖြူကုန်းတော ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ဆိုပါတယ်။
”စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က တဲစုရွာ မှာရှိနေတဲ့ သူတို့နှစ်ယောက်ကို ပစ်သတ်လိုက်တာ။ဒေသခံတွေသွားတွေ့တာက သူတို့နှစ်ယောက်ကို တစ်ကုတင်တည်းတွေ့တာ။ ကောင်မလေးကြောင့်လား၊ စကစ ကြောင့်လား၊ တိုက်ဆိုင်မှုတွေက အများကြီး စုံသွားတာဗျ။ လူမှုရေးကိစ္စကြောင့်မို့ ဒီလိုဖြစ်တာလား တွေးစရာတွေတော့ များသွားတယ်။ကောင်မလေးက ဝက်လက်မြို့ထဲနေတယ်။ ဝက်လက်ထဲမှာတော့ ကွမ်းဘာညာရောင်းတယ်။ ကောင်မလေးက သိပ်တော့ Save မဖြစ်ဘူးဗျ။ စကစနဲ့ကြတော့ နဂိုကတည်းက ဆက်ဟပ်မှုတွေရှိတယ်” လို့ ဆိုပါတယ်။
အသတ်ခံရသူ အသက် ၄၀ ဝန်းကျင်ရှိ ကိုမျိုးအောင်ကိုဟာ ဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ရုံး အဖွဲ့မှူးတာဝန်ခံနဲ့ CDM တရားလွှတ်တော်ရှေ့နေ အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
အသတ်ခံရတဲ့ အမျိုးသားတစ်ဦးရဲ့ ကိုယ်ခန္ဓာမှာ ပေါ်လွင်တဲ့ ပစ်ချက်များပြီး ညာဘက်လက်ချောင်းတွေလည်း စုတ်ပြတ်သွားကာ ၎င်းနဲ့အတူ သေဆုံးသွားတဲ့အမျိုးသမီးရဲ့ နောက်ကြောမှာလည်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁၅ ချက် ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ၂၀ ရက် ကလည်း စစ်ကိုင်းမြို့ အုပ်စက်ရပ်ကွက်ထဲကို စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေက ကား ၃ စီးနဲ့ ရောက်ရှိလာပြီး အသက် ၃၅နှစ်အရွယ် ဒေသခံ အမျိုးသား ၁ ဦးကို ဖမ်းဆီးကာ လူမဆန်စွာ သတ်ဖြတ်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။