ယာရူစိင်၊ စက်တင်ဘာ ၁၉ ရက်၊ ဖားကန့်
ကချင်ပြည် ဖားကန့်မြို့နယ် ထုံးဘိုရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၉ ရက် မနက် ၉ နာရီခွဲမှာ ဖားကန့်မြို့နယ် မရှီကထောင်အုပ်စု ထုံးဘိုကျေးရွာအတွင်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“သေဆုံးသူ နှစ်ဦးက သားအမိတွေပါ။ အဲဒီမှာက နေအိမ် ၁၀ လုံးလောက်ပဲ ရှိတာ။ ဒီဘက်မှာက လောလောဆယ်တော့ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးတာ မရှိပါဘူး။ ပြည်သူတွေ ရှိတဲ့နေရာကို စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ ဒရုန်းအပါ လေကြောင်းကနေလည်း လာကြဲတယ်။ နေ့စဉ်နေ့တိုင်း ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅၃ နှစ်အရွယ် ဒေါ်ယော (အမည်လွှဲ) နဲ့ သားဖြစ်သူ အသက်၃၀ နှစ်အရွယ် နေမင်းထွန်းတို့ သေဆုံးခဲ့ရပြီး နေအိမ် ၂ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာလည်း ဖားကန့်မြို့နယ် ဆိုင်းတောင် အထက်မှော်ရှန်ရွာအနီးမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆော့ကစားနေတဲ့ ကလေးငယ် ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ကချင်တပ်မတော်-KIAတပ်တို့အကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေအပါ လေကြောင်းကနေလည်း မကြာခဏဆိုသလို ပစ်ခတ်ဗုံးကြဲတိုက်ခိုက်လေ့ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။