လွေးထွေး၊ မတ်လ ၂၃ ရက်၊ ကျိုက်ထို
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဘုန်းကြီးတစ်ပါး ပွဲချင်းပြီး ပျံလွန်တော်မူပြီးတော့ ၂ ပါး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မတ်လ ၂၁ ရက် မနက် ၉ နာရီခန့်က စစ်တပ်ဟာ ဝေါမြို့နယ် လက်ပယ်ရွာကနေ ခရွဲကျေးရွာအုပ်စု ခရွဲရွာမြောက် ဘုန်းကြီးကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “စစ်ခေါင်းဆောင်က တရားသောစစ် ဆင်နွဲနေတယ်လို့ ဘယ်လောက်ပြောပြော ကျနော်တို့ဒေသတွေမှာ လေကြောင်းရော၊ လက်နက်ကြီးရော အသုံးပြုပြီး ဘာသာရေးအဆောက်အဦးတွေကိုဘဲ ဦးတည်ပစ်မှတ်ထားနေလို့ ဦးဇင်းနဲ့ ကိုရင်တွေ ပျံလွန်တော်မူရတယ် ဒဏ်ရာ ရတယ်။ ဒါက တရားသောစစ်လား မတရားတဲ့ စစ်လားဆိုတာ သိနိုင်ပါတယ်” လို့ ပြီးခဲ့တဲ့ မတ်လ ၇ ရက်က ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
စစ်တပ်ဟာ လေကြောင်းအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း အဆောက်အဦး ထိခိုက်ပျက်စီးခဲ့သလို လူနေအိမ်လည်း ထိမှန်ပျက်စီးခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှု ရှိနေတယ်လို့ KNU က ရေးသားထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကလည်း ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့နယ်က ကျောက်ကွင်းဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ ကျောင်းထိုင် ဆရာတော်တစ်ပါး ဗုံးစ ထိမှန်ပြီး ပျံလွန်တော်မူခဲ့ဖူးပါတယ်။