စက်တင်ဘာ ၂၄၊ ၂၀၂၅
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာအုပ်စု၊ တထုံကျင်အနီးရှိ လာဟီဆယ်ဘက်က ကုန်းတကုန်းပေါ် ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ မနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ ၁၂ နာရီခွဲဝန်းကျင်ခန့်က ရှင်းလင်းနိုင်ခဲ့ကြောင်း ရှေ့တန်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။
“တောင်ကုန်းတကုန်းမှာ တိုက်ပွဲဖြစ်တာ။ စစ်ကောင်စီက အဲဒီတောင်ကုန်းကို လာလုနေတာ။ စစ်ကောင်စီတွေက အဲဒီတောင်ကုန်းရဲ့ တောင်ကြော ကနေပဲ လာလို့ ရတယ်။ အဲလာတဲ့နေရာကနေပဲ ဖြတ်တိုက်လိုက်တာ”လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အဲကုန်းပေါ်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၃၈ နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား ၆၀ ခန့်ကို ရှင်းလင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
“စစ်ကောင်စီတွေက တော်တော် နီးကပ်တဲ့ အထိရောက်လာတယ်။ အဲမှာက မိုင်းနင်းမိသွားတာ ၄ ယောက်လောက် ခြေထောင်ပြတ်သွားပုံရတယ်။ ကြည့်ရင်တော့ အတော်နီးကပ်တယ်လို့ ထင်ရပေမယ့် အဲဖြစ်တဲ့နေရာကို သွားရတာတော့ နည်းနည်းကြာတယ်။” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က သုံးပန်း၊ လက်နက်ခဲယမ်း၊ ရိက္ခာ ပစ္စည်းတွေ တချို့ သိမ်းဆည်းရရှိခဲ့ကာ ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းတွေရဲ့ ပြောပြချက်အရ ဒရုန်း၊ လက်နက်ကြီးတွေ အများအပြားသုံးသလို စစ်ကောင်စီ ရှေ့တန်း တပ်သားတွေကိုလည်း မူးယစ်ဆေးဝါး သုံးပြီး တိုက်ခိုင်းကြောင်းသိရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ခလရ ၁၃၇၊ ခလရ ၁၃၈ တပ်ရင်းတွေနဲ့ ထန်ဂူတန်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တွေဟာ KIA နဲ့ ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လန်ဆယ်ဘက်ကို စက်တင်ဘာလ ၁၅ ရက်နေ့ခန့်ကစ စတင်ထိုးစစ်ဆင်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လေကြောင်းကနေ မကြာခဏဗုံးကြဲမှုတွေကြောင့် လန်ဆယ်ဘက်က ကုမ္ပဏီတွေလည်း အကုန် ပိတ်ထားရကာ ဒေသခံပြည်သူတွေက ဖုန်းလိုင်းလည်းမရ၊ အပြင်လည်း ထွက်မရဘဲ ဗုံးခိုကျင်းမှာပဲ ပိတ်ညှပ်ပြီး နေနေရတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရှင်းပြပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။