ပို့လဘား၊ ဇန်နဝါရီ ၂၆ ရက်၊ မကွေး
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီးတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီလ ၂၆ ရက် မနက် ၈ နာရီခွဲအကျော်မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂) မှ တက်လာတဲ့ စက်တပ်လေထီးတစ်စီးဟာ ဆိပ်ဖြူမြို့နယ်ရှိ မုန်တိုင်းချောင်းအနီးမှာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီမနက် ၈ နာရီ ၄၃ မိနစ်မှာ ပျက်ကျပြီး မီးလောင်တာတော့ သိရတယ်။ သူတို့စက်ချို့ယွင်းမှုကြောင့်ပေါ့။ အခုပျက်ကျတဲ့ နေရာက သူတို့ရဲ့ ကပစ ၂၂ နဲ့ နီးနီးလေးပဲ။ သေဆုံးမှုရှိမရှိ စိစစ်နေတုန်းပဲ”
အဲဒီ စက်တပ်လေထီး မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားနဲ့ ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုလည်း ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်ကလည်း ပေါက်မြို့နယ်မှာ ဗုံးကြဲပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့စက်တပ်လေထီး( ပါရာမော်တာ)ကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ နဲ့ ပူပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၃ ရက်မှာလည်း စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ငှာနချုပ် (နမခ)သို့ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ အင်အားဖြည့်လာတဲ့ ဂျိုင်ရိုကော်ပါတာ(စက်တပ်လေထီး) ၃ စီးထဲက ၁ စီး ပျက်ကျပြီး လိုက်ပါစီးနင်းသူ ၂ ဦး သေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။