ပို့လဘား၊ စက်တင်ဘာ ၁၉ ရက်၊ မြင်းခြံ
မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်တပ်လေထီးနဲ့ ဗုံးကြဲလို့ ကိုရင်ကြီးတစ်ပါးပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံလူထုကော်မတီ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁၈ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ မြင်းခြံမြို့နယ် ကျောက်တိုင်ရွာရဲ့ အရှေ့ဖက်ရှိ ရွှေစေတီကျောင်းကို စစ်ကောင်စီတပ်က စစ်တပ်လေထီး ၃ စီးနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“စစ်တပ်လေထီး ၃စီးနဲ့ ၄လုံး လာပစ်တာ။၂လုံးကဘုန်းကြီးကျောင်း ပစ်တာ။၂လုံးက တောထဲ ပစ်တာ။ ဘုန်းကြီးကျောင်းက ပျက်စီးပြီး ကိုရင်ကြီးတစ်ပါး ဗုံးထိမှန်ပြီး ခဏအကြာမှာ ပျံတော်မူတာ” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၂ နှစ်ရှိတဲ့ ကိုရင်ကြီးတစ်ပါးဖြစ်တဲ့ ဦးစိုး ပျံလွန်တော်မူပြီး တောင်သူလုပ်ကိုင်နေတဲ့ အသက် ၄၀ ကျော်ရှိတဲ့ မခင်မြင့်က ထိခိုက်ဒဏ်ရာရရှိကာ ကျောင်းဆောင်တွေလည်း ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြင်းခြံမြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာတာရှိသလို လေကြောင်းနဲ့လည်း ဆက်တိုက်တိုက်ခိုက်ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။