ခိုင်လေး၊ မတ်လ ၅ ရက်၊ မင်းလှမြို့
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုမြန်မာစုကျေးရွာနေ အမျိုးသားတစ်ဦးဖြစ်တဲ့ ကိုခင်မောင်ဝင်းဆိုသူကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃)၊ တပ်ခွဲ(၂) နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ဦးခေါင်းကို သေနတ်ကျည် (၁)ချက် ပစ်ခတ်လို့ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။
မနေ့ မတ်လ ၄ ရက် နေ့လည် ၁ နာရီ အချိန်က တာကလေးရွာ ရန်ကုန်-ပြည် လမ်းဘေးမှာရှိ တဲ့ ဇရပ်ထဲမှာ ကိုခင်မောင်ဝင်း ထိုင်နေစဉ် သာယာဝတီခရိုင် PDF နဲ့ ပူးပေါင်းတပ်ဖွဲ့က ထွက်မပြေးနိုင်အောင် ပိတ်ဆို့ပြီးမှ ခေါင်းကို ကျည် ၁ ချက် ပစ်ခတ်လိုက်တာဖြစ်ပြီး ၎င်းနဲ့အတူ စစ်ကောင်စီနဲ့ ဆက်သွယ်ထားတဲ့ မိုလ်ဘိုင်းဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
“ကျနော်တို့က သူ့ကိုရှင်းဖို့ လုပ်နေတာကြာပြီ။ သူကပုန်း နေတာကြောင့်လား ကံကောင်းတာကြောင့်လားမသိဘူး ရှင်းဖို့လုပ်တိုင်း သူနဲ့လွဲနေတယ်။ သူတစ်ယောက်ထဲ ခုက ထိုင်နေတဲ့အချိန်မှာ ရှင်းတာပါ”
ကိုခင်မောင်ဝင်းဆိုသူဟာ စစ်မှုထမ်းကြေးဆိုပြီး ဒေသခံတွေဆီ ငွေကြေးအတင်းအကြပ်ကောက်ခံတာ၊ ငွေမပေးသူတွေကို စစ်တပ်ခေါ် ဖမ်းဆီးခိုင်းတာ၊ စစ်ကောင်စီတပ်ထံ မမှန်သတင်း ပေးကာ ဒေသခံတွေကို ဖမ်းဆီးခိုင်းတာ ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းပြီး စစ်တပ်ကို သတင်းပေးတာတွေ လုပ်ဆောင်နေတာကြောင့် အခုလို အရေးယူရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွှေပန်းတောရွာက ဒေသခံတွေဆီကို ဆိုင်ကယ်စီးပြီး စစ်မှူးထမ်းကြေး လိုက်ကောက်နေတဲ့ အုပ်ချုပ်ရေးမှူး သောင်းကြည်ကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ရဲဘော်တွေက ၎င်းရဲ့ ရင်ဘတ် ၁ ချက်၊ ဝမ်းဗိုက် ၁ ချက် ပစ်ခတ်ပြီးနောက် အသေပစ်ခတ်ရန် လုပ်ဆောင်နေစဥ် ဘုန်းကြီးတစ်ပါးက ပစ်ခတ်မရအောင် ကာထားတာကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။
ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ ဒေသခံတွေထံ စစ်မှုထမ်းကြေးဆိုပြီး လိုက်ကောက်နေတဲ့ အုပ်ကြီးနဲ့ ပျူစောထီးတွေကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁) ၊ (၃၈၀၂) တပ်ခွဲ တွေက လိုက်လံ တိုက်ခိုက်လို့ သေဆုံးသူ ၈ ဦး အထိရှိလာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။