ပို့လဘား၊ နိုဝင်ဘာ ၁၁ ရက်၊ မြစ်ကြီးနား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်က ပွဲဈေးတန်းရှေ့မှာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၁၀ ရက် ည ၁၁ နာရီခွဲကျော်မှာ အဲဒီအမျိုးသားက ပွဲကနေ ပြန်လာချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ ၎င်းက ပြောဆိုပါတယ်။
“အဲဒီမှာ ကျောင်း ထီးတော်တင်ပွဲ လုပ်နေတာ။ ပွဲဈေးတန်းရှေ့မှာပဲ သူပစ်ခံရတာ။ ဘယ်သူ ပစ်သွားမှန်း ကျနော်တို့လည်း မသိဘူး။ သူ့ရဲ့ဘယ်ဘက်နားရွက်နားမှာ ထိပြီး ဦးခေါင်းထဲကို ဖောက်ဝင်သွားတာ။ သူအဲမှာပဲ ပွဲချင်းပြီး ဆုံးသွားတာ”
သေဆုံးသွားသူ အမျိုးသားဟာ အသက် ၃၀ ဝန်းကျင်ရှိပြီး ၎င်းက ဘယ်သူဘယ်ဝါဆိုတာကိုတော့ မသိရသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကလည်း မြစ်ကြီးနားမြို့ သီတာရပ်ကွက် ဆုတောင်းပြည့် ဘုရားအနီးမှာ အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။