လွေးထွေး၊ နိုဝင်ဘာ ၂၁ ရက်၊ တန့်ယန်း
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့မှာ မိုင်းဟပြည်သူ့စစ်ခေါင်းဆောင် ဦးလော်မားရဲ့ သားဖြစ်သူက အရပ်သားတစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ ဖြစ်စဉ်သိသူ ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက် ည ၁၂ ဝန်းကျင်မှာ တန့်ယန်းမြို့အထွက် နောင်ဖာလမ်းအထွက်မှာ ပြုလုပ်တဲ့ ရှမ်းနှစ်သစ်ကူးပွဲကနေ ဆိုင်ကယ်နဲ့ ပြန်လာတဲ့ အမျိုးသားကို ကားစီးလာတဲ့ မိုင်းဟပြည်သူ့စစ်ရဲ့ သားဖြစ်သူနဲ့ အဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်သိသူ တန့်ယန်းမြို့ခံ အမျိုးသားက “ပြည်သူ့စစ်ရဲ့သားက အဖွဲ့လိုက်။ ပစ်ခံရသူက တစ်ယောက်ထဲဘဲ။ ဆိုင်ကယ်နဲ့ကား ချိတ်မိလို့ စကားများရင်းနဲ့ ပစ်လိုက်တာ။ သေနတ်အတိုနဲ့ ပစ်တာ။ ရဲတွေကလည်း တရားခံကို ဖမ်းဖို့ သိပ်အားမစိုက်ဘူး” လို့ ပြောပါတယ်။
ပစ်ခတ်ခံရသူဟာ တန့်ယန်းမြို့ ရပ်ကွက် (၆) နေ အသက် ၂၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး လက်ရှိမှာတော့ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တန့်ယန်းမြို့မှာ အလားတူဖြစ်စဉ်မျိုး မကြာခဏဖြစ်ပွားပေမဲ့ တရားမျှတမှုရအောင် အရေးယူဆောင်ရွက်ပေးတာ မရှိခဲ့ကြောင်းလည်း နောက်ထပ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
”ဒီမှာက စစ်သားရော၊ ပြည်သူ့စစ်ရော၊ “ဝ”ရော ရှုတ်နေတာဘဲ။ တစ်ခုခုဖြစ်ရင် ဘယ်သူမှ တာဝန်ယူ လုပ်ဆောင်ပေးတာမရှိဘူး။ ပိုက်ဆံကောက်ရင်တော့ လုကောက်နေကြတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကလည်း တန့်ယန်းမြို့က တပ်မိသားစုဝင် အမျိုးသမီးတစ်ဦး ဓါးနဲ့ ထိုးသတ်ခံခဲ့ရပြီး ငွေ သိန်း ၄၀၀ ပါသွားခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။