ရွှေဖီမြေ၊ မေလ ၈ ရက်၊ သီပေါ
တအာင်းတပ် ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်မှာ အမျိုးသားတစ်ဦး ထင်း သွားခွေရာကနေ မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော်က မနေ့ မေလ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်ဟာ မနေ့ မေလ ၇ ရက် နေ့လယ် ၁၂ နာရီခွဲမှာ သီပေါမြို့နယ် ကုန်းစုံရွာနေ အသက် ၃၂ နှစ်အရွယ် ဦးအိုက်လော်ဝ်ဆိုသူဟာ စစ်ကောင်စီတပ်ရဲ့ ခလရ ၂၃ တပ်စခန်းဟောင်းမှာ ထင်း သွားခွေရာကနေ မိုင်းနင်းမိပြီး ခြေထောက်မှာ ဒဏ်ရာ ရရှိခဲ့တာလို့ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ မိုင်းနင်းမိတဲ့ အမျိုးသားဟာ သီပေါမြို့ ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ကလည်း သီပေါမြို့နယ် တုံစင့်ရွာမှာ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ငှက် သွားပစ်ရာကနေ မိုင်းနင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ တအာင်းဒေသ နမ့်ဆန်၊ ရှမ်းမြောက် ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့နယ်မှာ ဇန်နဝါရီလကနေ ဧပြီလအထိ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် ကလေးအပါအဝင် အရပ်သား ၁၅ ဦး သေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။