လွေးလာဝ်ဇာရ်၊ ဩဂုတ် ၁၂ ရက်၊ သီပေါ
တအာင်းတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ရှမ်းမြောက် သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စု ကောင်းဟက်ရွာက အမျိုးသားတစ်ဦး “ဝ”တပ် UWSA ထိန်းချုပ်တဲ့ ပန်ဆန်းမြို့ဘက်မှာ အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားရာကနေ ၂ လကျော်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေပါတယ်။
အသက် ၂၆ နှစ် ရှိပြီဖြစ်တဲ့ စိုင်းတွန်ခေးဆိုသူဟာ သူငယ်ချင်းနဲ့အတူ ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ “ဝ”တပ် ထိန်းချုပ်တဲ့ ပန်ဆန်းဘက်ကို ထွက်သွားခဲ့ရာကနေ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
စိုင်းတွန်ခေးရဲ့ မိသားစုဝင်တစ်ဦးက “သူက အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားတာ။ အခုထိ သူနဲ့ အဆက်အသွယ်မရသေးဘူး။ သူနဲ့သွားတဲ့တစ်ယောက်က ပြန်လာတာကြာပြီ။ သူ့ကိုမေးကြည့်တော့လည်း အဲမှာကတည်းက သူနဲ့ အဆက်မရဘူးတဲ့။ သူ့အမေက နှလုံးရောဂါရှိတယ်။ သူ့ကို စိတ်ပူလို့ အခုဆို ဆေးရုံတက်နေရတယ်” လို့ ပြောပါတယ်။
မိသားစုဝင်တွေ စိတ်ပူနေတာကြောင့် စိုင်းတွန်ခေးကို တွေ့ရှိသူတွေအနေနဲ့ ဖုန်း 09 691 888 232 သို့ ဆက်သွယ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။