ပို့လဘား၊ စက်တင်ဘာ ၂ ရက်၊ ကျင်စန်းကျော့
ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြာက် မူဆယ်မြို့နယ် ၁၀၅ မိုင် ကျင်စန်းကျော့ နယ်စပ်ဂိတ်ဘက်မှာ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ စက်တင်ဘာလ ၁ ရက် ညနေ ၅ နာရီအချိန်မှာ ကျင်စန်းကျော့ရှိ ကျောက်တိုင်လမ်းဆုံအနားမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိဖြစ်ပြီး ဆိုင်ကယ်မောင်းသူဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ကိုနိုင်ဦးဆိုသူ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
“ဆိုင်ကယ်မှားတာလား။ ကားသမားပဲ မှားတာလား မသိဘူး။ ကျနော်တို့လည်း မသိရဘူး။ အဲမှာပဲ သူသေသွားတာ။ သူက ဒီဘက်ကို စစ်ရှောင်လာရင်း ဒီမှာပဲ အလုပ်လာလုပ်ကြတာ။ သူ့မိန်းမက ကျောင်းဆရာမ လုပ်တာ”လို့ ပြောပါတယ်။
သေဆုံးသွားသူ ကိုနိုင်ဦးဟာ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ နေထိုင်သူဖြစ်ပြီး ဗန်းမော်တိုက်ပွဲအတွင်း ၁၀၅ မိုင်ဘက်ကို ပြောင်းရွှေ့နေထိုင်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ အခင်းဖြစ်ပွားခဲ့တဲ့နေရာကိုတော့ မိုင်းယု ၁၀၅ မိုင်ရှိ ပါရမီလူမှုကူညီရေးအသင်းက သွားရောက်ကူညီပေးခဲ့တယ်လို့ အဆိုပါ အမျိုးသားဆီက သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။