ပို့လဘား၊ စက်တင်ဘာ ၁၆ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မရှီကထောင်ကျေးရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လိုက်တာကြောင့် မရှီကထောင်ရွာက ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁၅ ရက် နေ့လယ် ၃ နာရီကျော်မှာ မရှီကထောင်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီး ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“မရှီကထောင် ဘုရားကုန်းဘက်မှာ လာကျတယ်။ အမျိုးသားတစ်ယောက်ရဲ့ ပေါင်နဲ့ ခါးတွေမှာ ထိထားတယ်။ အခုလည်း လက်နက်ကြီးတွေ ပစ်နေတာပဲ။ တအုံးအုံးနဲ့ အကျယ်ကြီးပဲ။ ကျည်တွေလည်း အိမ်တွေထိထားတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် ၃၀ ဝန်းကျင်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်ကလည်း ဖားကန့်မြို့ ဆိပ်မူကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လိုက်လို့ ဒေသခံတစ်ဦး သေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိ ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့KIAတပ်တို့အကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်လေ့ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။