ခိုင်လေး၊ မေလ ၂၃ ရက်၊ စစ်ကိုင်း
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အုပ်စက်ရပ်ကွက်ထဲက လမ်းသွားနေတဲ့ ဒေသခံ အမျိုးသား ၁ ဦးကို စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက်က ပျူစောထီးခေါင်းဆောင် အောင်အောင်ဦးတို့ အဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တယ်လို့ ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က အုပ်စက်ရပ်ကွက်ထဲကို စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေက ကား ၃ စီးနဲ့ ရောက်ရှိလာပြီး အသက် ၃၅နှစ်အရွယ် ဒေသခံ အမျိုးသား ၁ ဦးကို ဖမ်းဆီးကာ လူမဆန်စွာ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
”သူက စစ်တပ်နဲ့ရော တော်လှန်ရေးတပ်တွေနဲ့ရော ဘာမှ ပတ်သက်မှုမရှိပါဘူး။ ဖမ်းဆီးပစ်သတ်သွားပြီးတော့ နာရေးကူညီမှုအသင်း တစ်ခုကို အလောင်းလာကောက်ခိုင်းပြီး စကစတွေက တခါတည်း သဂြိုလ်ခိုင်းလိုက်တာ”
ပြီးခဲ့တဲ့ မေလ ၁၇ ရက်ကနေ မေလ ၂၀ ရက်နေ့ထိ စစ်ကိုင်းမြို့ပေါ်က ရပ်ကွက်တွေမှာ စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး လမ်းသွားလမ်းလာ တဲ့သူတွေကို တားဆီးပြီး စစ်ဆေးကာ လူငယ် ၂၂ ယောက်ကိုလည်း ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားတာလည်းရှိခဲ့တယ်လို့ အထက်ပါ ၎င်းက ဆက်ပြောပါတယ်။
”ဘယ်လို ပုံစံနဲ့ ဖမ်းလဲဆိုတော့ ကားတွေနဲ့ ဝင်ရောက် ဖမ်းတာတွေရှိတယ်။ အရပ်ဝတ်နဲ့ ဖမ်းတာတွေလည်း ရှိတယ်ဗျ။ ပြီးတော့ မိန်းလမ်းတွေမှာလည်း ဖမ်းဆီးတာတွေရှိတယ်ဗျ။ စစ်ကိုင်းမှာတော့ နေ့စဥ်နဲ့အမျှ ဖမ်းဆီးနေတာဗျ”
မနေ့ မေလ ၂၂ ရက် ည ၄ နာရီ ၂၂ မိနစ်က ပန်းတောရပ်ကွက်နေ ကျောက်ပွဲစား မောင်မောင်ဆိုသူကိုလည်း တကောင်းရပ်ကွက်က ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီခန့်အုပ်ကြီး မြင့်ဇော်တို့ ပူးပေါင်းပြီး ကား ၅ စီးနဲ့ ၎င်းရဲ့နေအိမ်အထိ လာရောက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေပေါင်းပြီး အခုလို့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ပေါ်တာဆွဲနေတာတွေကြောင့် စစ်ကိုင်းမြို့ပေါ်က ရပ်ကွက်အချို့ကလမ်းတွေမှာဆို လူအသွားအလာ သိပ်မရှိကြတော့ဘူးလို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။