အလင်း၊ ဖေဖော်ဝါရီ ၂၀ ရက်၊ တမူး
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့၊ အမှတ် (၃) ရပ်ကွက်မှာ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားပြီး အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံနှစ်ဦးဟာ မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီလ ၁၉ ရက်၊ ည ၈ နာရီဝန်းကျင်မှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီ မီးလောင်မှုကြောင့် အိမ်ရှင်ဖြစ်သူ အသက် (၈၀) ကျော်အရွယ် ဒေါ်ဟွေ့နဲမ်နဲ့ ၎င်းရဲ့ ယောင်းမဖြစ်သူ ဒေါ်ဆွန့်ညင်းတို့ နှစ်ဦးစလုံး အိမ်ပြင်သို့ ထွက်ခွာနိုင်ခြင်းမရှိဘဲ မီးအတွင်းပိတ်မိကာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ရပ်ကွက်နေပြည်သူတွေက မီးကို ဝိုင်းဝန်းငြိမ်းသတ်ခဲ့တာကြောင့် တခြားအိမ်သို့ မီးကူးစက်မှုမရှိဘဲ အချိန်မှီ ထိန်းချုပ်နိုင်ခဲ့သော်လည်း မီးလောင်တဲ့ နေအိမ်မှာမူ တစ်လုံးလုံး ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။
“မီးလောင်တဲ့အချိန်မှာ ရပ်ကွက်သူ/သားတွေက အထဲကလူတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း မီးရှိန်ပြင်းတာကြောင့် မကယ်နိုင်ခဲ့ဘဲ သေဆုံးသွားခဲ့တာပါ။” ခမ်းပတ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဆိုပါ မီးလောင်မှုနဲ့ပတ်သက်ပြီး မည်သည့်အကြောင်းရင်းကြောင့် စတင်လောင်ကျွမ်းခဲ့သည်ကိုမူ လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးဘဲ စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ သိရပါတယ်။
ခမ်းပတ်မြို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။