အိုက်ပွီး၊ အောက်တိုဘာ ၄ ရက်၊ တမူး
စစ်ကိုင်းတိုင်း တမူးမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးတစ်ဦး သောက်စားမူးရူးပြီး ၎င်းတို့ တူးထားတဲ့ ကတုတ်ကျင်းထဲ ပြုတ်ကျပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
အောက်တိုဘာ ၁ ရက်မှာ ကျရောက်တဲ့ ၆၁ နှစ်ပြည့် ရဲတပ်ဖွဲ့နေ့ညမှာ အရက် အလွန်အကျွံ သောက်ထားပြီး စခန်းကို ပြန်လာရာမှာ ကတုတ်ကျင်းထဲ ပြုတ်ကျသွားတာပါ။
“အဲည ရဲတပ်ဖွဲ့နေ့ စစ်ကောင်စီအရာရှိတွေ ပျော်ပွဲရွှင်ပွဲလို အရက်သောက်ကြတယ်။ အဲစစ်ဗိုလ်ကလည်း အရက်သမား မူးပြီး စခန်းပြန်လာတော့ သူတို့ တူးထားတဲ့ ကတုတ်ကျင်းထဲ ပြုတ်ကျသွားတာ။ ကတုတ်ကျင်းက နက်တော့ တော်တော်လည်း ထိသွားတယ်ထင်ပါတယ်။ ရဲဘော်တွေက ဆေးရုံ ပို့သေးတယ်” လို့ တမူးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သေဆုံးသူ စစ်ဗိုလ် ခင်မောင်ဦးဟာ ရောဂါအခံ ရှိတာကြောင့် တမူးဆေးရုံသို့ ပို့ဆောင်ခဲ့ပေမဲ့ ဆေးကုသမှု မအောင်မြင်ဘဲ ညတွင်းချင်းမှာဘဲ သေဆုံးသွားကာ နောက်နေ့မနက် အောက်တိုဘာ ၂ ရက်မှာ ချက်ချင်းမြေမြှုပ်သဂြိုလ်လိုက်တယ်လို့ သိရပါတယ်။
“ဗိုလ်ကြီးက ရောဂါအခံ ရှိတယ်လို့ ကြားတယ်။ အဲညမှာပဲ ဆေးရုံမှာ သေဆုံးသွားတယ်။ သေဆုံးတဲ့သတင်းကို တပ်ဘက်က ဖုံးထားပါတယ်။ မနေ့ကပဲ သတင်းတွေ ကြားရတယ်။ ညမှာ သေပြီး မနက်မှာ အလောင်းကို ချက်ချင်းသဂြိုလ်လိုက်တာပါ” လို့ တမူးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သေဆုံးသွားတဲ့ ဗိုလ်ကြီးဟာ တခြားအဆင့် ရဲဘော်တွေကို နိုင်ထက်စီးနင်း ဆက်ဆံတာ၊ သေဆုံးသွားတဲ့ ရဲဘော်တွေကို သေဆုံးစာရင်း မပြဘဲ အရာရှိတွေနဲ့ပေါင်းပြီး လစာ ခိုးထုတ်တာ၊ ရပိုင်ခွင့်တွေကို ထုတ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။
တမူးမြို့နယ် တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်၊ အလင်းဝင် ရဲဘော်တွေကို အရာရှိတွေက သေဆုံး၊ ခွင့်မဲ့ မပြဘဲ လစာတွေကို ခိုးထုတ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ ပျူစောထီးက မြို့ထဲအပြင် နယ်စပ်တွေမှာလည်း ဓားပြတိုက်၊ ခိုးဆိုးလုယက်မှုကိုလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
တမူးမြို့ကို စစ်တပ်၊ ပျူစောထီး၊ ကသည်း၊ နာဂ၊ ရှမ်းနီ စတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။