ဓာတ်ပုံ- CJ

လွေးဇွန်မိုး၊ ဧပြီ ၅ ရက်၊ နမ့်ဆန်

မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုပြီး တအာင်းဒေသ နမ့်ဆန်မြို့နယ် အောက်မန်ငိုင်းရွာက အသက် ၃၇ နှစ်အရွယ် ဦးအစီးဆိုသူကို တအာင်းတပ်- TNLA ရဲ့ တပ်သားတွေက ရိုက်နှက်လို့ နာရီပိုင်းအတွင်း သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖြစ်စဥ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၈ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တောင်ယာသို့ စပါးရိတ်ဖို့ လူသွားပို့ပြီးအပြန် TNLA စစ်ဆေးရေးဂိတ်တစ်ခုမှာ ဦးအစီးနဲ့ သူ့ရဲ့ သူငယ်ချင်းကို ဆီး စစ်ပြီး ဦးအစီးက မူးယစ်ဆေးဝါး သုံးစွဲကြောင်း ပေါ်တာကြောင့် ဖမ်းဆီးခဲ့တာလို့ ဦးအစီးရဲ့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူက အီနိုင်းဘက်ကို စပါးရိတ်မယ့်သူ သွားပို့ပြီး ပြန်လာတဲ့အချိန်မှာ ဂိတ်စောင့်တဲ့ TNLA တပ်သားတွေက သူနဲ့သူ့သူငယ်ချင်းကို ဆီး စစ်တာ။ သူ့သူငယ်ချင်းက ဆီးမအောင် (မူးယစ်ဆေးဝါး သုံးစွဲခြင်း မရှိ)တော့ သူငယ်ချင်းကို အရင်ပြန်လွှတ်လိုက်တယ်။ အစီးတော့ ဆီးအောင်တယ်။ အဲဒီအချိန်မှာ သူဘာမှမဖြစ်သေးဘူး။ ညရောက်တော့ သူ့အလောင်းပဲ ပြန်လာပို့တော့တာ။ ကျမတို့က သူ့ကို ဘယ်လောက်တောင်ရိုက်လို့ သေသွားတာလဲလို့ပြောတော့ သူတို့ရဲ့ တိုက်နယ်မှူးက ငါတို့ မရိုက်ဘူးတဲ့။ သူတို့ မရိုက်ဘူး ပြောပေမဲ့ သူတို့လက်ထဲမှာ သေသွားတာပဲလေ။ ပြီးတော့ ဒဏ်ရာတွေလည်း ရှိတယ်လေ။ အစီးရဲ့ ညာဘက်မျက်နှာတစ်ခြမ်းလုံး ညိုမဲနေတာပဲ။ နှာခေါင်းနဲ့ ပါးစပ်မှာလည်း သွေးတွေ ထွက်နေတာ”

ဦးအစီးကို တိုက်နယ်မှူး အလှဆိုသူက ရိုက်နှက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ရိုက်နှက်ခဲ့သူတွေဘက်က မိသားစုဝင်ကို လာရောက် တောင်းပန်တာ မရှိသလို TNLA ရဲ့ နမ့်ဆန်မြို့နယ် ရဲစခန်းကို တိုင်ကြားခဲ့ပေမဲ့ အရေးယူ ဆောင်ရွက်ပေးတာ မရှိဘူးလို့ ၎င်းရဲ့ မိသားစုဝင်က ဆက်ပြောပါတယ်။

“ဘာမှ လာမတောင်းပန်ဘူး။ သူရဲ့ ရက်လည်မှာလည်း ဘာတစ်ခုမှ လာမကူညီပေးဘူး။ ကျမတို့ဘက်က အမှုဖွင့်ဖို့ နမ့်ဆန်ရဲစခန်းကို သွားခဲ့သေးတယ်။ သူတို့အရေးမယူပေးဘူးလေ။ သူတစ်ကယ်ပဲ ဘိန်း ရှူလို့ ဆီးအောင်တယ်ဆိုရင်တောင် အဲလို သေတဲ့အထိ ရိုက်ခွင့် မရှိဘူးလေ။ ထောင်ဘယ်လောက် ကျရမယ်ဆိုပြီး ထောင်ဒဏ်တွေ သတ်မှတ်ထားတာ ရှိတာပဲလေ”

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး TNLA ဘက်က စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို တရားဥပဒေအတိုင်း အပြစ်ပေး အရေးယူသွားမယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

“ဒီကိစ္စ ကျမတို့ဆီ ရောက်လာတာ မတွေ့ရသေးဘူး။ ကျမတို့ ပြန်စုံစမ်းပြီး အကြောင်းပြန်ပါ့မယ်။ တစ်ဖက်မှာလည်း ဒီလိုမျိုးကိစ္စက ကျမတို့ PSLF/TNLA သည် လူကို သေစေနိုင်တဲ့အထိ ရိုက်နှက်တာမျိုးတွေ ဆောင်ရွက်ခြင်း ခွင့်မပြုပါဘူး။ တစ်ကယ်လို့ ဒီလိုမျိုး အရပ်သားဖြစ်ဖြစ် အခြားတစ်ဦးကို သေစေနိုင်လောက်တဲ့အထိ ရိုက်နှက်မှုမျိုး ရှိလာခဲ့တယ်ဆိုရင်တော့ ကျမတို့က အပြစ်ပေးအရေးယူမှု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တရားဥပဒေအတိုင်း အရေးယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်”

အခုလို မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးအစီးကို အသက် သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့တဲ့ တပ်သားတွေကို သက်ဆိုင်ရာ TNLA တာဝန်ရှိသူတွေအနေနဲ့ ပြန်လည်စီစစ်ကာ အရေးယူပေးဖို့ မိသားစုဝင်က တောင်းဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။