လွေးလာဝ်ဇာရ်၊ ဩဂုတ် ၂၇ ရက်၊ ကွတ်ခိုင်
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် (၂) က အမျိုးသားတစ်ဦးကို မူးယစ်ဆေးသုံးစွဲမှုနဲ့ ကချင်တပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၅ ရက်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက် ညနေပိုင်းမှာ အသက် ၃၅ နှစ်ရှိပြီးဖြစ်တဲ့ ဦးမောင်မောင်ဆိုသူကို KIA တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဩဂုတ်လ ၂၃ ရက် ညနေမှာ ကွတ်ခိုင်မြို့နယ်ရှိ KIA ရဲ့ တပ်ရင်း (၉) က အချုပ်ထောင်မှာ အဆိုပါ အမျိုးသား သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်တွေထံကို အကြောင်းပြန်လာတာလို့ ဆိုပါတယ်။
မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက “အဲဒီညနေက မူယစ်ဆေး တိုက်ဖျက်ရေးအဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း အကြောင်းမကြားဘူး။ ရက်ကွက်ထဲ ဝင်လာပြီး ဖမ်းသွားတာ။ မောင်မောင်ကို ဖမ်းသွားပြီနော်ဆိုပြီး မောင်မောင်ရဲ့ တူလေးကို ပြောသွားတယ်။ သူတို့အိမ်က ဖုန်းနံပါတ်လည်း တောင်းသွားတယ်။ နောက်တစ်ရက်နှစ်ရက်လည်း မဆက်သွယ်လာဘူး။ သူသေပြီးမှ သူတို့အကြောင်းကြားလာတာ” လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ဦးမောင်မောင်ရဲ့ ရုပ်အလောင်းကိုတော့ မိသားစုဝင်နဲ့ ရပ်မိရပ်ဖ၊ မြို့နယ် တအာင်းစာပေ ယဉ်ကျေးမှု ဥက္ကဌ၊ မြို့နယ် တအာင်းရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအရာရှိတွေက သွားရောက်ယူဆောင်ခဲ့ပြီး ကွတ်ခိုင်မြို့ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
“မနေ့မနက်က ဆရာဝန်ရဲ့ စစ်ဆေးချက်အရ။ သူ့ရဲ့ ခန္ဓာကိုယ်ကျောဘက်နဲ့ လက်နှစ်ဖက်မှာလည်း ညိုမဲပြီး ဖုယောင်တဲ့ ဒဏ်ရာတွေ့တယ်။ ဝမ်းဗိုက်မှာလည်း သွေးယိုစိမ့်တာ တွေ့ရတယ်။ ကိုယ်ပေါ်မှာလည်း ပွန်းပဲ့ဒဏ်ရာတွေ့ရတယ်တဲ့ စစ်ဆေးချက်အရပေါ့။ ဦးခေါင်း အရေပြား နားထင်မှာလည်း သွေးချေဥ ဒဏ်ရာကြောင့် သေဆုံးတာ ဖြစ်နိင်တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
KIA ဖက်က ဒုခရိုင်မှူးရဲ့ ပြောဆိုချက်အရ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်မှာ ထောင်သားတွေကို ရေချိုးဖို့ ခြေချင်းဖြုတ်ပေးချိန် ဦးမောင်မောင်က ထွက်ပြေးသွားခဲ့တာကြောင့် ပြန်လည်ဖမ်းမိချိန်မှာ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ နှစ်နာရီကြာ မတ်တပ်ရပ်ခိုင်းတာကြောင့် ဦးမောင်မောင် အမောဖောက်ပြီး သေဆုံးသွားတာဖြစ်နိုင်တယ်လို့ နောက်ထပ် နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သေဆုံးစေလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ သေဆုံးသွားရတဲ့အပေါ် ဒုခရိုင်မှူးက မိသားစုဝင်တွေကို တောင်းပန်ကြောင်းလည်း ဆိုပါတယ်။
အထက်ပါ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက “သူတို့ထွက်ဆိုချက်လည်း ကွဲလွဲပြီး အမျိုးမျိုးဖြစ်နေတယ်။ ဒုခရိုင်မှူးကျတော့ နောက်လူတွေမဖြစ်အောင် ရိုက်တာတော့ ရိုက်တယ်။ သေအောင်တော့ မရိုက်ဘူးတဲ့။ သူ့ဟာသူ အစာမစားတာ ၄ ရက်ရှိပြီဆိုတော့ အာဟာရပျက်ပြီး သေတာဖြစ်နိုင်တယ်ဆိုပြီး ပြောပြတာ။ ခရိုင်မှူးကျတော ပြန်ဖမ်းမိတဲ့အချိန်မှာ လက်ထိပ်ခတ်တယ်။ တိုင်မှာဘဲ တနေကုန် ချည်ထားတယ်ဆိုပြီး ပြောတယ်။ အဲတာကို ကွဲလွဲနေတာ” လို့ ပြောပါတယ်။
ဦးမောင်မောင် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး KIA နဲ့ မိသားစုဝင်တွေက ဆက်လက်ဆွေးနွေးပြီး ညှိနှိုင်းနေဆဲလို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။