ရဲမာန်၊ ဒီဇင်ဘာ ၁၂ ရက်၊ ဖလမ်း
ချင်းညီနောင်အဖွဲ့သိမ်းပိုက်ထားတဲ့ ချင်းပြည် ဖလမ်းမြို့အနီးမှာ အင်အား ၃၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ထိတွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဒီဇင်ဘာ ၁၁ ရက် ဆွမ်ဟရန်ရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်တချို့သိမ်းဆည်းရမိခဲ့တဲ့အပြင် သုံ့ပန်း ၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Ministry Of Defence က တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နေတယ်။ ကျရှုံးတာတော့ သူတို့ဘက်ကသေတာ တော်တော်များတယ်။ ဒဏ်ရာရသူလည်းများတယ်။ စကစဘက် က သေဆုံးတာတွေ ဒဏ်ရာရတာတွေ ကျနော်တို့အတည်ပြုလို့ မရသေးပါဘူး။ လက်နက်ခဲယမ်းတော့ အနည်းကျဉ်းတော့ရပါတယ်။ လက်နက် ၃၀ ကျော်နဲ့ တခြားဗုံးသီးတွေ၊ နင်းမိုင်းတွေ စတဲ့ စစ်သုံးပစ္စည်းတွေ ရရှိခဲ့တယ်”လို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲအတွင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ဒဏ်ရာရသူသာ အနည်းအကျဉ်းရှိပြီး သေဆုံးသူမရှိသေးဘူးလို့ ၎င်းကဆက်ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ငါးကြင်းမှီး၊ ကွန်မန်ဒိုစိန်ပြောင်း၊ စနိုက်ပါတွေအပါအဝင် လက်နက်အကြီးငယ်စုစုပေါင်း ၃၀ လက်၊ ကျည်ဆံ၊ RPG ဗုံးသီး၊ ဒရုန်း စတဲ့ စစ်ဘက်အသုံးအဆောင်အမြောက်အများ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ကလည်း ဖလမ်းမြို့ကို ဝင်ရောက်ဖို့ စစ်ကောင်စီ စစ်ကြောင်းတွေ ချီတက်ရာ လမ်းတလျှောက်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် လမ်းတွေ ရှင်းလင်းပေးတာတွေ ပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်တွေဘက်က ဆိုထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ချင်းပြည်နယ် တီးတိန်မြို့အဝင်က စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။