ရွှေဖီမြေ၊ စက်တင်ဘာ ၂၃ ရက်၊ ခင်ဦး
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ မနေ့ စက်တင်ဘာ ၂၂ ရက်က စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိကြောင်း ခင်ဦးမြို့နယ် ပကဖအဖွဲ့က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဟာ ဒုတိယအကြိမ် စစ်တပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်နဲ့ သုံးပွင့်ဗိုလ်အပါအဝင် တပ်သားတွေ သေဆုံးတာ ရှိသလို ဒဏ်ရာရသူလည်းရှိပြီး စစ်သုံ့ပန်း ၂ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း MA3 ၄ လက်၊ MA1 ၅ လက်၊ G3 ၁ လက်၊ ကာဘိုင် ၁ လက်၊ BA 100/60MM ကွန်မန်ဒို စိန်ပြောင်းအတို ၁ လက်၊ MA 5 ၁ လက် စတဲ့စစ်အသုံးအဆောင်ပစ္စည်းနဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲကို အမှတ်(၂) ရွှေဘိုခရိုင်၊ အမှတ်(၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ)၊ တိုက်နယ် (၁၊ ၂၊ ၃၊ ၄ ၅)ပကဖ၊ ခင်ဦးမြို့နယ် ပလဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်ကလည်း ခင်ဦးမြို့ထဲ ဝင်လာတဲ့ ရွှေဘို စစ်တပ်လေ့ကျင့်ရေး ၈ တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ပထမအကြိမ် ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။