ပို့လဘား၊ ဩဂုတ် ၂၆ ရက်၊ နမ့်ခမ်း
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆာလူကျေးရွာအုပ်စု လွယ်ခွါင်ကျေးရွာက ကလေးငယ်တစ်ဦးဟာ ၅ ရက်ကြာတဲ့အထိ ပျောက်ဆုံးနေတယ်လို့ မိခင်ဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။
အသက် ၁၀ နှစ်အရွယ်ရှိတဲ့ မိုင်းကျော်မိုးအောင်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် ညနေ ၅ နာရီမှာ နေအိမ်ကနေ ကြူဆိုင်းရွာဘက်ကို မုန့်သွားဝယ်ရင်း အပြန်လမ်းမှာ ပျောက်ဆုံးသွားတယ်လို့ ဆိုပါတယ်။
“ဥပုဒ်နေ့က သူ့ယောက်ဖဆီ ပိုက်ဆံ ၂ ထောင်တောင်းပြီး ကြူဆိုင်းဘက်မှာ မုန့်သွားဝယ်စားမယ်လို့ ပြောတယ်။ မုန့်ဝယ်ပြီး အိမ်ဘက်ပြန်လာနေပြီလို့ သူ့အဖွားပြောတယ်။ ထမင်းစားချိန်ရောက်တော့ သူ့ကို ထမင်းစားဖို့ ခေါ်မလို့ သူ့အစ်မကို လိုက်ရှာခိုင်းတာ အဲချိန်ရှာမတွေ့တော့ဘူး။ သူ့ဦးလေးတို့ အဒေါ်တို့ဆီမှာလည်း မရှိဘူး။ ဘယ်ဘက်သွားမှန်း မသိဘူး။ ဒီနေ့အထိ အိမ်မပြန်လာသေးလို့ စိတ်ပူတယ်”
မိုင်းကျော်မိုးအောင်ရဲ့ သတင်းအစအနကို ဒီနေ့ ဒီချိန်ထိ မကြားသိရတာကြောင့် မိဘတွေက စိတ်ပူနေပြီး ၎င်းကို တွေ့ရှိသူတွေအနေနဲ့ မိသားစုထံ ဆက်သွယ်အကြောင်းကြားပေးဖို့ကို တောင်းဆိုထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။