ခိုင်လေး ၊မေလ ၂၈ ရက်၊ မကွီအိမ်နူးမြို့။
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဒေသ(၄)ဒိုင်ရ်ဒေသ မကွီအိမ်နူးမြို့မှာ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ဗဟိုစည်းရုံးရေးမှူး တစ်ယောက်ဖြစ်တဲ့ ဦးဟုန်းနိုင်းရွှီကို ချင်းကာကွယ်ရေးတပ်-မင်းတပ်(CDF-Mindat)က ဖမ်းဆီးထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဦးဟုန်းနိုင်းရွှီဟာ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ဗဟိုစည်းရုံးမှူးအနေနဲ့ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ၎င်းရဲ့မိသားစုတွေထံ သွားရောက်လည်ပတ်ချိန် အခုလ မေလ၂၄ ရက်နေ့မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
“သူက မိသားစုတွေဆီမှာ အလည်သွားတာဖြစ်တယ်။ မသွားဖို့ တားသေးတယ်။ ချင်းလူမျိုးအချင်းချင်းက ဘာမှ လုပ်ကြမှာမဟုတ်ဘူးဆိုပြီး လက်နက်တောင်ယူမသွားဘူး။ အဲမှာပဲ CDF-Mindat စစ်ဦးစီးချုပ် ဦးထန်ချွန်ဖေရဲ့ ဖမ်းဆီးဖို့ အမိန့်ပေးမှုကြောင့် တပ်ရင်း ၆ တပ်ရင်းမှူး ဦးဆောင်တဲ့အဖွဲ့က နေအိမ်အတွင်း ဖမ်းဆီးသွားတာဖြစ်တယ်”လို့ ဦးဟုန်းနိုင်းရွှီနဲ့ နီးစပ်သူတစ်ယောက်က ရွှေဖီမြေကို ပြောပါတယ်။
၎င်းကို မင်းတပ်မြို့နယ်၊ ချပ်ကျေးရွာမှာ ထိန်းသိမ်းထားပြီး မနေ့ မေလ၂၇ ရက်နေ့က ၎င်းရဲ့ အစ်မဖြစ်သူနဲ့ တွေ့ဆုံခွင့်ရကြောင်းနဲ့ ကျန်းမာနေကောင်းကြောင်း နီးစပ်သူတစ်ယောက်က ပြောပါတယ်။
အဆိုပါ ဦးဟုန်းနိုင်းရွှီ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ ချင်းကာကွယ်ရေးတပ်-မင်းတပ်(CDF-Mindat)တို့ကို ရွှေဖီမြေက ဆက်သွယ်ထားပေမဲ့ လက်ခံဖြေကြားပေးတာ မရှိသလို ၎င်းနှစ်ဖွဲ့အနေနဲ့ တစုံတရာ ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။
ချင်းအမျိုးသားတပ်ဦး(CNF)ဟာ ချင်းပြည်ကောင်စီ ၊ ချင်းပြည်အစိုးရ အဖွဲ့ဝင်ဖြစ်ပြီး ချင်းကာကွယ်ရေးတပ်-မင်းတပ်(CDF-Mindat)ဟာ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၊ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပါတယ်။
ပြီးခဲတဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ CNF နဲ့ နီးစပ်တဲ့ မင်းတပ်မြို့နယ်၊ အမ်လောင်းရွာက ကက်သလစ်ဘုန်းတော်ကြီး(အငြိမ်းစား) Fr. ကီးဟုန်းကို CDF Mindatက ဖမ်းဆီးထားပြီး ဒီနေ့အထိ ပြန်လွှတ်ပေးခြင်းမရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။