လွေးဇွန်မိုး၊ စက်တင်ဘာ ၁၂ ရက်၊ နမ့်ခမ်း
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ အမှတ် (၁) ရပ်ကွက် ကောင်းတပ်ရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခုမှာ ဝါယာကြိုးရှော့ဖြစ်ရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၂ ရက် မနက် ၁၁ နာရီခွဲမှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်ကား ၇ စီးနဲ့ နေ့လည် ၁၂ နာရီမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“မနေ့ညက မီးပျက်တော့ သူတို့က ဒီအတိုင်းပဲ မီးဖွင့်ထားတာ။ ဒီမနက် မီးက ၈ နာရီခွဲလောက်မှ ပြန်လာတာ။ မီးလာတာ နောက်ကျတော့ သူတို့လည်း ဒီအတိုင်းပဲ ဖွင့်ထားရာကနေ ရှော့ဖြစ်သွားတာပေါ့”
အလျား ၂၄ ပေ နဲ့ အနံ ၁၈ ပေ ကျယ်တဲ့ ကျောင်းသားတွေရဲ့ နှစ်ထပ်အိပ်ဆောင် မီးလောင်ပျက်စီးခဲ့တာဖြစ်ပြီး စုစုပေါင်း တန်ဖိုး သိန်း ၁၀၀ ဝန်းကျင် ဆုံးရှုံးနိုင်တယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
အဆိုပါ အဆောင်မှာ အဆောင်နေ ကျောင်းသူ၊ ကျောင်းသား ၁၀၀ ဝန်းကျင်ရှိပြီး ကလေးတွေ စာသင်ချိန်ဖြစ်နေတာကြောင့် လူထိခိုက်တာတော့ မရှိဘူးလို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ နမ့်ခမ်းမြို့နဲ့ နမ့်ဖက်ကာကြားရှိ ၁၂ မိုင်ကုန်းရွာမှာ ဓာတ်ဆီတင်လာတဲ့ ကားတစ်စီးက ပျက်နေတဲ့ ကားတစ်စီးကို အနောက်ဆွဲတင်ပေးဖို့ လုပ်နေချိန်မှာ ကားဘီးလိမ့်ပြီး လမ်းမအောက်မှာ တိမ်းမှောက်သွားတာကြောင့် ကားတစ်စီးနဲ့ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။