လွေးထွေး၊ ဧပြီ ၂၈ ရက်၊ ဒီးမော့ဆို
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ရှိ စစ်ရှောင်စခန်းတစ်ခုထဲ မိုးရွာနေချိန် ကျောက်တုံးတစ်တုံး လိမ့်ကျလာတာကြောင့် အသက် ၇၀ အရွယ် စစ်ရှောင်အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
ဒီနေ့ ဧပြီ ၂၈ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ မိုးရွာလို့ ဒီးမေ့ာဆိုမြို့ရဲ့ အနောက်ဘက်ခြမ်းက လေဖြတ်နေတဲ့ အသက် ၇၀ အရွယ် အမျိုးသား သေဆုံးခဲ့သလို နေအိမ်တွေလည်း ပျက်စီးခဲ့ရပါတယ်။
JFK တာဝန်ခံတစ်ဦးက “ငလျင်ရဲ့ နောက်ဆက်တွဲလို့ဘဲ ပြောရမယ်။ မိုးရွာပြီးတော့ ကျောက်တောင်ပေါ်က ကျောက်တွေ လိမ့်ကျလာတာ။ နောက်ထပ် အန္တရာယ်ရှိတဲ့ ကျောက်တုံး ၂ တုံး ကျန်သေးတယ်။ ကျနော်တို့ မနက်ဖြန် ဖယ်ဖို့ လုပ်မလို့ပါ” လို့ ပြောပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ကျောက်တောင်အနီးဝန်းကျင်ရှိ နေထိုင်ကြတဲ့လူထုတွေ ဂရုစိုက် နေထိုင်ကြဖို့ လိုအပ်ကြောင်းကိုလည်း သူက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိနေရာတစ်ခုမှာ အကျယ်နဲ့ အနက်ပေ ၁၀၀ ကျော်တဲ့ တွင်းကြီးတစ်ခု ပေါ်ထွက်ခဲ့ပါတယ်။
အလားတူ မနေ့ ဧပြီ ၂၇ ရက်ကလည်း မိုးသက်လေပြင်းကြောင့် ရှမ်းတောင် ကလောမြို့နယ်က နေအိမ် ၉၀ ကျော် ပျက်စီးခဲ့သလို ဟိုပုံးမြို့နယ်က နေအိမ် ၅၀ ကျော်လည်း ပျက်စီးခဲ့ပါတယ်။