ရဲမာန်၊ ဇူလိုင် ၂၃ ရက်၊ တနင်္သာရီ
တပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၉ ဦး လက်နက်နဲ့အတူ ကရင်အမျိုးသား အစည်းအရုံး- KNU ထံ အလင်းဝင်လာတယ်လို့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တပ်သား ၉ ဦးက တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တဲ့ တနင်္သာရီတိုင်း မောတောင်မြို့နယ်ရှိ KNU တပ်မဟာ ၄ တပ်ရင်း ၁၁ ထံ သေနတ် ၅ လက်၊ ကျည်ဘောက် ၁၅ ခုနဲ့အတူ အလင်းဝင်လာတာပဲ ဖြစ်ပါတယ်။
“အခု စကစမှာက အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲပြီး ရှေ့တန်း လွှတ်တဲ့သူတွေက များတယ်။ ကျနော်တို့ဖက်ကလဲ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ တိုက်တွန်းထားတော့ ဆက်သွယ်ပြီး ဝင်လာကြတာပါ” ဆိုပြီး ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
KNU တပ်မှူးက အလင်းဝင်လာတဲ့ တပ်သားတွေကို ကျပ်သိန်း ၃၀ ဆီ ပေးအပ်ခဲ့တယ်လို့ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်တပ်ဟာ ရှေ့တန်း စစ်မျက်နှာပြင်မှာ အဓမ္မ စုဆောင်းခဲ့တဲ့ တပ်သားသစ်တွေကို ပိုမိုအသုံးပြုနေပြီး တပ်သားတချို့ကလည်း တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်လာတာတွေ များလာပါတယ်။
စစ်တပ် လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဘယ်သူမဆို ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံကြဖို့အတွက် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းက တိုက်တွန်းနှိုးဆော်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။