ရဲမာန်၊ စက်တင်ဘာ ၂၆ ရက်၊ တန့်ဆည်မြို့
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာ အနောက်ခြမ်း အိုင်လျှားရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁၁ နာရီခွဲမှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့ပြီး ၁၅ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“စားသောက်ဆိုင်နဲ့ ပန့်ဆီဆိုင်ပေါ်ကျတာ။ ပန်းရံလုပ်နေသူတွေ၊ လမ်းသွားလမ်းလာတွေနဲ့ စားသောက်ဆိုင်က ကလေးတွေထိကုန်တာ”
၎င်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့သေဆုံးခဲ့ပြီး ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေဟာလည်း ထပ်တိုးလာနိုင်တယ်လို့ ၎င်းက ဆိုပါတယ်။
“တိုက်ပွဲမရှိပါဘူး။ သက်သက်ပြည်သူတွေ ကြောက်အောင်ရည်ရွယ်ချက်ရှိရှိလုပ်တာပါ။ ဒီလုပ်ရက်ဟာ လုံးဝလူမဆန်တဲ့ အကြမ်းဖက် စစ်ရာဇဝတ်မှုပါ” လို့ အထက်ပါအမျိုးက ဆက်ပြောပါတယ်။
၎င်းဂျက်ဖိုက်တာဟာ ကနီမြို့နယ်ကနေ ကလေး တောင်ခြမ်း အထိသွားရောက်ပြီး အနောက်အရပ်ကနေ ပြန်ဝင်လာပစ်သွားတာလို့ ၎င်းက ဆက်ပြောပါတယ်။
ကံထူးမရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး စခန်းကို ပြီးခဲ့တဲ့ ၂၀၂၄ မတ်လအတွင်းမှာ တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် တိုက်ခိုက်သိမ်းယူပြီး စိုးမိုးထိန်းချုပ်ထားဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။