ပို့လဘား၊ ဇူလိုင် ၁၄ ရက်၊ မိုးကုတ်
မနေ့ ဇူလိုင် ၁၃ရက် ည ၁၀နာရီခွဲဝန်းကျင် တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်း ပန်းမထိမ်အနီးမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦးအပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးကုတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပေါင် ၂၀၀ လာချတာ။ ကလေး ၂ ယောက်ထိတယ်။ ၁ယောက်က ဒဏ်ရာမပြင်းထန်ဘူး။ နေအိမ်ကလည်း လုံးလုံးပျက်စီးတာက ၂ အိမ်၊ တစ်အိမ်က အပေါ်ထပ်မာပဲ ထိတယ်။ နောက်တစ်အိမ်ကျတော့ နည်းနည်းပျက်တယ်။ ကားလည်း ၂ စီးပျက်စီးတယ်” လို့ မိုးကုတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ်ရှိတဲ့ မဖူးဖူးနဲ့ မရှင်းသန့်၊ အသက် ၁၈ နှစ်ရှိတဲ့ မအိသွယ်၊ အသက် ၂၅ နှစ်ရှိတဲ့ ကိုဟန်နိုင်ဇော်၊ အသက် ၄၁ နှစ်ရှိတဲ့ ကိုလတ်၊ အသက် ၅၁ နှစ်ရှိတဲ့ ဒေါ်တင်တင်အေး၊ အသက် ၅၃ ရှိတဲ့ ဒေါ်အေးမြင့် နဲ့ အသက် ၅၅ နှစ်ရှိတဲ့ ဦးမောလီတို့က ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မနေ့ ဇူလိုင် ၁၃ ရက် မနက် ၆ နာရီဝန်းကျင်မှာလည်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ပန်းမထိမ်ဘက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး၂ ဦးသေဆုံးပြီး နောက်ထပ်ကလေး ၂ ဦးအပါအဝင် ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေရရှိထားတဲ့ စာရင်းအရ TNLA ထိန်းချုပ်ထားတဲ့ မြို့တွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နဲ့ သီပေါ မြို့တွေမှာ ၂ ပတ်ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ၄၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။