ရွှေဖီမြေ၊ နိုဝင်ဘာ ၇ ရက်
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မတရား သတ်ဖြတ်ခံရတာနဲ့ မြေမြှပ်မိုင်းတွေကြောင့် နိုင်ငံတစ်ဝှမ်းက အမျိုးသမီး ၇၀ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ- BWU က ဒီနေ့ နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၆ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၈ ဦး၊ မတရား သတ်ဖြတ်ခံရသူ ၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁ ဦး စုစုပေါင်း အမျိုးသမီး ၇၀ ဦး သေဆုံးခဲ့ပြီး အဲဒီထဲက ၁၄ ဦးဟာ အသက်မပြည့်သေးသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၆၇ ဦး၊ လက်နက်ကြီးကြောင့် ၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၃ ဦး၊ မတရား သတ်ဖြတ်ခံရသူ ၁ ဦး၊ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ ၄ ဦး စုစုပေါင်း အမျိုးသမီး ၈၀ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ခုနှစ်အထိ ၅ နှစ်နီးပါးကာလအတွင်း စစ်တပ်က စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုအမျိုးမျိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို နည်းမျိုးစုံ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။