လွေးလာဝ်ဇာရ်၊ စက်တင်ဘာ ၉ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာဘက်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဆိတ်မူဒေသခံ ၇ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်တွေလည်း ပျက်ဆီးခဲ့တယ်လို့ ဖားကန့်ဒေသခံဖြစ်တဲ့ Tarlin Mg က ပြောပါတယ်။
ဒီနေ့ စက်တင်ဘာလ ၉ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဘက်က ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီး အလုံး ၂၀ ကျော် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
၎င်းက “ဒီနေ့ မနက်အစောပိုင်းက လူအိပ်ချိန်မှာ စစ်ကောင်စီက ဗျူဟာကုန်းကနေ ဆိပ်မူဘက်ခြမ်းကို လက်နက်ကြီးတွေ ပစ်ခတ်တာ။ အနည်းဆုံး အလုံး ၂၀ ရှိတယ်လို့ သိရတယ်။ ဒဏ်ရာအပြင်းအထန် ရတဲ့သူလည်း ပါတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးထိလို့ ဒဏ်ရာရသွားသူတွေဟာ မဖြူဖြူဝင်း၊ ကိုလန်းချိန်၊ မမြင့်မြင့်သန်းနဲ့ ကိုခိုင်မြဲဦးအပြင် နောက်ထပ် ၃ ဦးတိုလည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ စက်တင်ဘာလ ၈ ရက် မနက်ပိုင်းကနေ အခုအချိန်အထိ ဖားကန့်မြို့ထဲကို စစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်နေတုန်းဘဲလို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ညကတည်းက ပစ်နေတာ။ အခုချိန်ထိဘဲ။ မြို့ထဲက ကျကျနေတာ။ ဟိုနားအလုံးကျ ဒီနားအလုံးကျလိုက်နဲ့။ မြို့ထဲကို မဝင်ရဲသေးဘူး။ လူတွေထိလိုက် နေအိမ်ထိလိုက်နဲ့ ကားထိလိုက် ညကနေ အခုထိဘဲ” လို့ ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၉ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ရှရော်ခ ညောင်ပင်ကုန်းဘက်ခြမ်းနဲ့ ဆန်ကြွယ်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်တပ်မတော် KIA နဲ့ ပူးပေါင်းတပ်တို့အကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။